ပဉ္စမမြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဉ္စမမြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်


 

ပဉ္စမမြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော သန်လျင် မင်းကျောင်းဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်း


ပထမကျော်+သ+စ+အ ဓမ္မာစရိယ

အရှင်စန္ဒိမာဘိဝံသ ၏ အတ္ထုပ္ပတ္တိ

ဇာတိရပ်မြေ

အရှင်စန္ဒိမာဘိဝံသသည် လွတ်လပ်ရေးခေတ်၏ အကြိုနှစ်ကာလ ၁၃၀၈-ခုနှစ်၊ တပိုတွဲလဆန်း (၁၄)ရက်၊ အင်္ဂါနေ့၊ (4-2-1947) ညစက်နာရီ (၉) နာရီတိတိအချိန်တွင် ရန်ကုန်တိုင်း၊ ကျောက်တန်းမြိုနယ်၊ ဘော်ဂလွှတ်ရွာ ဦးထွေး ဒေါ်ကြင်တို့မှ ဖွားသန့်စင်သည့် တစ်ဦးတည်းသော သားရတနာ ဖြစ်ပါသည်။

ကျောင်းအပ်ချိန်

မိဘနှစ်ဦးသည် “လောကလူတွင်၊ လမ်းသို့ထင်သည်၊ ဂုဏ်အင်ပညာ၊ မရှိရှာက၊ စေပါလက်သုတ်၊ လွန်ညံ့ယုတ်သား၊ မှိတ်တုတ် မီးခဲ၊ မပြောင်ရဲသို့၊ ဖန်လဲခေါက်ခေါက်၊ သူ၏နောက်ဝယ်၊ ချွေးပေါက်ကျယို၊ ဖပ်ဖပ်စိုမျှ၊ သက်ပိုပန်းပင်၊ မရွှင်ပျောင်းနွမ်း၊ တသမ်းသမ်းနှင့်၊ ဝန်ထမ်းလှေခတ်၊ ဖြစ်တို့တတ်ရှင့်”ဟူသော သြဝါဒလင်္ကာလာ စကားအချက်ကို သဘောသက်ဝင် အမြော်အမြင်ရှိစွာဖြင့် သား၏နောင်ရေးကို မြော်တွေးကောက်ရှု၍ (ဂ)နှစ်သားအရွယ်တွင် ဘော်ဂလွှတ်ကျောင်းဆရာတော် ဦးဇနိန္ဒ ထံ ပညာသင်ကြားရန် အပ်နှံကြပါသည်။

ရှေးဦးသင်ပညာ

ဆရာတော် ဦးဇနိန္ဒသည် -

“ပထမရွယ်၊ ငယ်သော်ကတည့်၊ သိပ္ပခေါင်ဖျား၊ တတ်မြောက်မြားမူ၊ တောသားရန်အောင်၊ ခြင်္သေ့ယောင်သို့၊ မရှောင်မညှာ၊ တင်းတင်းမာ၍၊ ပညာရဲရင့်၊ ပွဲလယ်တင့်လိမ့်” ဟူသော ပျို့လင်္ကာစကားနှင့်အညီ ကျောင်းသားငယ် (မောင်စိုးသိန်း)အား နောင်တခေတ်တွင် ပွဲလယ်တင့်စေလိုသော နှလုံးသွင်း မနသိကာရဖြင့် ရှေးဦးစွာ အရေးအဖတ် အခြေခံပညာရပ်များကို သင်ကြားပေးပါသည်။ ယင်းနောက် ရွှေသျှိုဆက်၍ ရှေးထုံးစဉ်လာ ဘာသာရေးအခြေခံစာပေများကို သင်ကြားပေးပါသည်။

ပဗ္ဗဇ္ဇမင်္ဂလာ

မောင်စိုးသိန်းသည် (၁၂) နှစ်သားအရွယ် လူလားမြောက်ချိန်တွင် အဖိုး ဦးတက်ပြား၊ အဖွား ဒေါ်နှင်းဆီနှင့် မိဘနှစ်ပါးတို့က ပစ္စယာနုဂ္ဂဟဖြင့်လည်းကောင်း၊ ဆရာတော် ဦးဇနိန္ဒ က ဓမ္မာနုဂ္ဂဟဖြင့်လည်းကောင်း ချီးမြှောက်သဖြင့် သာမဏေအဖြစ်သို့ ရောက်ပါသည်။ ဥပဇ္ဈာယ်ဆရာတော် ဦးဇနိန္ဒ သည် အနာဂတ်သာသနာ၌ “ အာကာသေ စန္ဒိမာ ဣဝ-ကောင်းကင်၌ လကဲ့သို့” ထွန်းတောက်ထင်ရှားမည့် အရိပ်နိမိတ်ဖြင့် “ရှင်စန္ဒိမာ”ဟု ဘွဲ့မည်သညာပေးပါသည်။

ရှင်စန္ဒိမာသည် ဥပဇ္ဈာယ်ဆရာတော် ဦးဇနိန္ဒထံ၌ပင် -

“စေ့မြေ့ သိပ်သည်း၊ ရွှေ့ရွှေ့ ဆည်းသော်၊ စရည်းအိုးခွက်၊ ကြီးစွာလျက်တည့်၊ တစက်ကျများ၊ ပြည့်သော့လား”ဟူသော သြဝါဒလင်္ကာနှင့်အညီ ပိဋကတ်အခြေခံ စာပေများကို သင်ကြားအားထုတ်ခဲ့ပါသည်။

အရှင်ဝဏ္ဏသိရီ အဂ္ဂမဟာအကျော်

အရှင်ဝဏ္ဏသိရီသည် ဘုရားလက်ထက်တော်အခါက ခီဏာသဝ ဆဠဘိညဖြစ်တော်မူသော ဖုဿမထေရ်မြတ်၏ အနာဂတံသဉာဏ်တော်ဖြင့် ရှုမျှော်ဟောကြားတော်မူခဲ့သော သာသနာ့အန္တရာယ်(၃၂)မျိုးကို တွေရှိရသဖြင့် အနာဂတ်ခေတ် သာသနာရေးကိုတွေး၍ တုန်လှုပ်မိသည်၊ ရှင်ခုန်မိသည်၊ စိုးရိမ်ပူပန်မိသည်။ အထူးသဖြင့် “အဂရုဓမ္မေ - ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓတို့၌ အလေးမပြု ဂရုမမူကြကုန်လတ္တံ့”ဟု ဆိုသောအချက်ကို ပို၍သာ တုန်လှုပ်ရင်ခုန် စိုးရိမ်ပူပန်မိပါသည်။

ထို့ကြောင့် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက်သို့ အနယ်နယ်အရပ်ရပ်မှ ရောက်လာကြသော စာသင်သားတို့အား ယထာဗလ, ယထာသတ္တိ စွမ်းအားရှိသလောက် ပရိယတ္တိစာပေကို ပို့ချတော်မူပါသည်။

ပထမပြန်စာသင်တိုက်သို့

ရှင်စန္ဒိမာသည် ၁၃၂၄-ခုနှစ် နယုန်လတွင် အရှင်ကုသလ(သာသနဓဇဓမ္မာစရိယ)နှင့် ဆက်သွယ်၍ ဘော်ဂကလွတ်ဆရာတော်ဘုရား၏ ပို့ဆောင်မှုကြောင့် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက်သို့ ရောက်ရှိလာပါသည်။

ပထမပြန်စာသင်တိုက်၌ ပဓာန နာယကဆရာတော် အရှင်ဝဏ္ဏသိရီ (အဂ္ဂမဟာအကျော်)နှင့် စာချဆရာတော်များ ဖြစ်တော်မူကြသော -

(က) အရှင်ကုသလ (သာသနဓဇဓမ္မာစရိယ)

(ခ) အရှင်ဣန္ဒာစာရ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ)

(ဂ) အရှင်နန္ဒမာလာ (သာသနဓဇ ဓမ္မာစရိယ)

(ဃ) အရှင်ကေသရ (မူလဓမ္မာစရိယ) 

တို့ထံတွင် ပထမပြန် စာပေများကို သင်ကြားအားထုတ်ခဲ့ပါသည်။

သင်ကြားအားထုတ်ရာ၌ -

“သုစိပုဘာ၊ ဝိလိသိဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းသင်လော့၊ စာသင်ပျိုနု၊ အခြေပြုတို့၊ ဥဇုဘူတ၊ လုံ့လပြင်းစွာ၊ သူထက်ငါဟု၊ နှုတ်မှာရွရွ၊ ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး၊ အထူးသိမြင်၊ ပညာရှင်ဟု၊ မထင်မပေါ်၊ မကျော်စောပဲ၊ တီမှာလွှဲအံ့”ဟူသော လင်္ကာ၏ နည်းညွှန်လမ်းပြသြဝါဒကို လိုက်နာကျင့်သုံးအားထုတ်ခဲ့ပါသည်။

ထိုကြောင့် (၁၇)နှစ်အရွယ် သာမဏေ ရှင်စန္ဒိမာသည် ၁၃၂၅-ခုနှစ် တော်လှန်ရေးအစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမငယ်တန်းကို ဝင်ရောက်ဖြေဆိုရာ တပြည်လုံး၌ (ဒုတိယ)ဂုဏ်ထူးဖြင့်လည်းကောင်း၊ ၁၃၂၆-ခုနှစ်တွင် ပထမလတ်တန်းကို ဆက်လက်ဖြေဆိုရာ တပြည်လုံး၌(တတိယ) ဂုဏ်ထူးဖြင့်လည်းကောင်း အောင်မြင်တော်မူခဲ့ပါသည်။

ဥပသမ္ပဒမင်္ဂလာ

ရှင်စန္ဒိမာသည် ၁၃၂၀-ခုနှစ် နယုန်လဆုတ်(၂)ရက်၊ တနင်္ဂနွေနေ့တွင် သန်လျင်မြို့၊ မင်းကျောင်း၊ ပထမပြန်စာသင်တိုက် ခဏ္ဍသိမ်တော်၌ ဆရာရင်းဖြစ်တော်မူသော ဘော်ဂလွတ်ဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြု၍ ရန်ကုန်မြို၊ ကမ္ဘာအေးစေတီလမ်း၊ စူနီရံပါတ်၊ ခြံ- ၂-နေ၊ ဦးတင်နွယ် + ဒေါ်ကြည်ကြည် သားသမီးတစုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် (ပထမအကြိမ်)ရဟန်းအဖြစ်သို့ ရောက်တော်မူပါသည်။

၁၃၂၉-ခုနှစ် တန်ခူးလတွင် ရန်ကုန်တိုင်း၊ ကျောက်တန်းမြိုနယ်၊ မီးပြရွာ၊ ခဏ္ဍသိမ်တော်၌ မီးပြရွာ (ရွာသူကြီး) ဦးခွန်သိန်း-ဒေါ်စန်း၊ သားသမီးတစုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် (ဒုတိယအကြိမ်) သိက္ခာတင်၍ -

၁၃၄၂-ခုနှစ် တပေါင်းလဆုတ်(ဂ)ရက်နေ့တွင် ကျောက်တန်းမြိုနယ်၊ ဘော်ဂလွတ်ရွာ၊ ဦးလုံး-ဒေါ်အုန်းရီ သားသမီးတစုတို့၏ ပစ္စယာနုဂ္ဂဟဖြင့် (တတိယအကြိမ်) ထပ်မံ၍ သိက္ခာတင်တော်မူပါသည်။

ပထမကျော်

အရှင်စန္ဒိမာသည် ၁၃၂၈-ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းကို ဝင်ရောက်ဖြေဆိုရာ စာဖြေပုဂ္ဂိုလ်(၂၁၀၅)ပါး၊ စာအောင်ပုဂ္ဂိုလ်(၃၁၁)ပါးရှိသည့်အနက် အမှတ်အများဆုံး ရရှိသဖြင့် (ပထမကျော်)ဘွဲ့ထူးကို ဆွတ်ခူးပန်ဆင်တော်မူပါသည်။

သ-စ-အ-ဓမ်မာစရိယ

အရှင်စန္ဒိမာသည် “ပရိယတ္တိ သာသနာတော်အား မျိုးရိုးစဉ်ဆက်ကို စောင့်ရှောက်သော (ပဝေဏီပါလက) နွားမနှင့် တူသည်၊ တမျိုးအားဖြင့် ဥစ္စာနေရာပြ ကမ္ပည်းကျောက်စာတိုင်နှင့်တူသည်၊ တမျိုးအားဖြင့် ကန်ဘောင်ရိုးနှင့်တူသည်”ဟူသော အဋ္ဌကထာပြ ဥပမာများအရ- ပရိယတ္တိ သည်သာလျှင် သာသနာတော်၏ မူလဖြစ်သည်၊ ပင်မအကြောင်းရင်း ဖြစ်သည်ဟု စွဲမှတ်ယုံကြည်ပါသည်။

ထိုကြောင့် သာသနာ့အာဇာနည် ရှေးဆရာအဆက်ဆက်တို့ကဲ့သို့ သာသနာ့မြေ၌ အရိုးမြှုပ်နှံ၍ သာသနာတော်၏ အကျိုးကို တိုး၍ တိုး၍ ဆောင်ရွက်ရန်ဟူသော ရှည်သန်ချက်ဖြင့် ဆရာသခင်တို့၏ လမ်းညွှန်ချက်အရ မန္တလေးမြို့၊ မြတောင်တိုက်၊ ပဒေသာရွှေကျောင်းသို့ ၁၃၃၀ ခုနှစ်၊ နယုန်လဆန်း (၃)ရက်နေ့တွင် ပြောင်းရွှေ့ကာ စာသင်တန်း, စာချတန်းဆိုင်ရာ အထက်တန်းစာပေများကို အောက်ပါဆရာတော်များထံတွင် သင်ကြားလေ့လာ ဆည်းပူးတော်မူပါသည်။

မန္တလေးမြို့၊ မြတောင်တိုက်၊ သမ္မတစာချကျောင်းဆရာတော် ဦးကေလာသာဘိဝံသ (သကျသီဟဓမ္မာစရိယ)၊

ရွှေဝါဝင်းကျောင်းဆရာတော်၊ ဦးသာသနာဘိဝံသ (သကျသီဟ ဓမ္မာစရိယ)၊

မဏိရတနာကျောင်းဆရာတော် ဦးအာစိက္ခဏာဘိဝံသ (သကျသီဟ ဓမ္မာစရိယ)၊

မစိုးရိမ်တိုက်သစ်၊ ဓမ္မဒါယာဒကျောင်းဆရာတော် ဦးရာဇဓမ္မာဘိဝံသ (သကျသီဟဓမ္မာစရိယ)၊

ပိဋကနယူပဒေသကျောင်းဆရာတော် ဦးကောဝိဒါဘိဝံသ (သ+စ+အ-ဓမ္မာစရိယ)၊

ပေါက်မြိုင်တိုက်ဆရာတော် ဦးအဂ္ဂဝံသာဘိဝံသ (သကျသီဟ ဓမ္မာစရိယ) ဆရာတော်များထံ သင်ကြားလေ့လာဆည်းပူးတော်မူခဲ့ပါသည်။ ထိုသို့ ဆည်းပူးလေ့လာပြီးနောက် စာမေးပွဲများကို ဆက်လက်ဖြေဆိုရာ -

၁၃၃၂-ခုနှစ်၌ ရန်ကုန်မြို စေတိယင်္ဂဏစာသင်တန်းကိုလည်းကောင်း၊

၁၃၃၃-ခုနှစ်၌ မန္တလေးမြို့ သကျသီဟစာသင်တန်း (ဒုတိယဂုဏ်ထူး)ကိုလည်းကောင်း၊

၁၃၃၄-ခုနှစ်၌ အစိုးရဓမ္မာစရိယတန်း ကျမ်းရင်းသုံးကျမ်းကို အောင်မြင်သဖြင့် (သာသနဓဇ ဓမ္မာစရိယ)ဘွဲ့ကို လည်းကောင်း၊

၁၃၃၀-ခုနှစ်၌ ရန်ကုန်မြို၊ စေတိယင်္ဂဏစာချတန်းကို (တပါးတည်း) အောင်မြင်သဖြင့် (စေတိယင်္ဂဏ ပရိယတ္တိဓမ္မာစရိယ ဂဏဝါစက)ဘွဲ့ကိုလည်းကောင်း၊

၁၃၃၉-ခုနှစ်၌ မန္တလေးမြို၊ သကျသီဟစာချတန်းကို အပြီးအစီး အောင်မြင်သဖြင့် (အရှင်စန္ဒိမာဘိဝံသ-ပရိယတ္တိသာသနဟိတဓမ္မာစရိယ)ဘွဲ့ကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိ အောင်မြင်တော်မူခဲ့ပါသည်။

မန္တလေးမြို့၌ ပိဋကတ်ဆိုင်ရာ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာများကို လေ့လာဆည်းပူး အောင်ပန်းဆွတ်ခူးပြီးနောက် ၁၃၃၉-ခုနှစ် ဝါဆိုလပြည့်နေ့တွင် ပင်မအခြေခံ မိခင်တိုက်ရင်းဖြစ်သော သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက်သို့ ပြန်လည် သီတင်းသုံးတော်မူလျက် ပဓာနနာယကဆရာတော်ဘုရား၏ သြဝါဒနှင့်အညီ စာသင်သား ရဟန်း သာမဏေတို့အား စာပေချပို့ သာသနာပြုလျက်ရှိသည့်ပြင် သန်လျင်မြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်အဖြစ်ဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူလျက် ရှိပါသည်။

.................................................................

သန်လျင် မင်းကျောင်းဆရာတော်ကြီး ဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်မြတ်ကြီးသည် (၉-၃-၂၀၂၄) စနေနေ့တွင် ကျင်းပပြုလုပ်သော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အစည်းအဝေးကြီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ပဉ္စမမြောက် ဥက္ကဋ္ဌဆရာတော်အဖြစ် တင်မြှောက်ခြင်းကို ခံယူရရှိပါသည်။

ဆရာတော် ကျန်းမာစွာဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ သံဃာ့အကျိုး၊ နိုင်ငံအကျိုး၊ လောကအကျိုးကို ဆထက်တိုး၍ ထမ်းဆောင်နိုင်ပါစေဘုရား 🙏🙏🙏


Crd - U Aung Myaing

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)