မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး လန်ချန်း - မဲခေါင်နိုင်ငံများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး မြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး လန်ချန်း - မဲခေါင်နိုင်ငံများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး မြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက်ပွဲကျင်းပ


နေပြည်တော် မတ် ၆

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် “မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး လန်ချန်း- မဲခေါင်နိုင်ငံများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး မြှင့်တင်ခြင်းစီမံကိန်း” မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှ ထွက်ရှိသော လယ်ယာ၊ သား၊ ငါး ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်တိုးချဲ့နိုင်ရေးတို့ကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် ကုန်သွယ်မှုလျင်မြန်ချောမွေ့ စေရေးသည်အရေးပါသည့် သော့ချက်တစ်ခုဖြစ်ကြောင်း၊ ပြည်ပဝယ်လိုအား ကောင်းမွန်လာသဖြင့် ဈေးကောင်းရသော အစေ့ထုတ်ပြောင်း၊ မတ်ပဲ စသည့် လယ်ယာထွက်ကုန်များနှင့် ရေထွက်ကုန်ပစ္စည်းများကို တောင်သူများ တိုးချဲ့ထုတ်လုပ်လျက်ရှိရာ ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရန် စီစဉ်ပေးနိုင်သည်နှင့်အမျှ ထုတ်လုပ်သူတောင်သူများနှင့်အတူ ဝယ်လိုအား၊ ရောင်းလိုအား ကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက်သူများအားလုံး အကျိုးအမြတ်ခံစားရမည်ဖြစ်သကဲ့သို့ နိုင်ငံစီးပွားရေးကိုလည်း များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း။

ကုန်သွယ်ဖက်နိုင်ငံများနှင့်အချင်းချင်း လိုက်လျောညီထွေမှုရှိစေရန်နှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန်တို့အတွက် ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များ၊ စည်းကမ်းသတ်မှတ်ချက်များ၊ စံချိန်စံညွှန်း သတ်မှတ်ချက်များကို အပြန်အလှန်လိုက်နာကြရန်လည်း လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှ လယ်ယာ၊ သား၊ ငါး ကဏ္ဍထုတ်ကုန်များ၏ ကုန်သွယ်မှုအခြေအနေများနှင့် တွေ့ကြုံရသော အခက်အခဲများကို လေ့လာ၍ အဖြေရှာခြင်းကို ယခုစီမံကိန်းမှ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ဆောင်ရွက်ပြီး အမှန်လေ့လာသိရှိရသည့် ရလဒ်များအပေါ် အခြေခံ၍ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးကို အထောက်အကူပြုနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းသွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက စီမံကိန်း၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် တင်ပြဆွေးနွေးခြင်း၊ ကဏ္ဍအလိုက်အုပ်စုများ စုဖွဲ့ဆွေးနွေးခြင်းနှင့် အုပ်စုအလိုက် ဆွေးနွေးတွေ့ရှိချက်များကို စုပေါင်းသုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်း ၃၅ ခုကို ၂၀၁၇ ခုနှစ် မှစတင်၍ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁၈ သန်း ရရှိခဲ့ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၉ သန်းဖြင့် ၂၀၂၃ ခုနှစ်အတွက် စီမံကိန်း လေးခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းတစ်ခုချင်း၏ လုပ်ငန်းအကြောင်းအရာများနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ယခုအခမ်းအနားတွင် ရှင်းလင်းအသိပေးဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တို့အကြား အပင်ပိုးမွှားရောဂါကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ် (SPS Protocol) များ လက်မှတ်ရေးထိုးထားရှိရာတွင် ဆန်၊ ပိုးအိမ်ခြောက်၊ ပြောင်းနှင့် ငှက်ပျောသီးနှံများ တင်ပို့ခြင်း၊ မွေးမြူရေးနှင့် သဘာဝမှဖမ်းဆီးရရှိသည့်ရေထွက် ပစ္စည်းတင်ပို့ခြင်း၊ တရုတ်နိုင်ငံသို့ ကျွဲ၊ နွားအရှင် တင်ပို့ရေးနှင့် သက်ဆိုင်သော သဘောတူညီမှု တို့ပါဝင်ပြီး အခြားပို့ကုန်များအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား လက်မှတ်ရေးထိုးပြီးဖြစ်သည့် အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးဆိုင်ရာလိုအပ်ချက် သဘောတူစာချုပ်များနှင့် နောင်တွင်လက်မှတ်ရေးထိုးမည့် သဘောတူစာချုပ်များဆိုင်ရာ လယ်ယာထွက်ကုန်များ၏ ဈေးကွက်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန်ရည်ရွယ်ဆောင်ရွက်သည့် အဆိုပါစီမံကိန်းတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး လုပ်ထုံးလုပ်နည်းများ လေ့လာဆန်းစစ်နိုင်ရန်၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ပါဝင်ပတ်သက်သူများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်စေရန်၊ တောင်သူလယ်သမားများ၊ ကုန်သည်နှင့် လက်ကားရောင်းချသူများအပါအဝင် ကုန်သွယ်မှုတွင် ဆက်စပ်သော ပြည်တွင်းအဖွဲ့အစည်းများ၏ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာ နည်းပညာနှင့် အသိပညာတိုးမြှင့် လာနိုင်စေရန်၊ မြန်မာနိုင်ငံရှိ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးကို အထောက်အကူပေးနိုင်ရန် ရည်ရွယ်ချက်များလည်းပါဝင်ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)