မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား တက်ရောက်


မော်လမြိုင် မတ် ၂၉

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှု ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေနိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့်ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်သည့်အတွက် အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး စနစ်တစ်ခုကို အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုနှင့်စပ်လျဉ်းပြီး နည်းလမ်းပေါင်းစုံနှင့် ထိန်းကျောင်းနေသော်လည်း လူတို့ရဲ့ဆန္ဒ၊ လူ့သဘောသဘာဝအရ ဆက်လက်တည်ရှိနေတာကို တွေ့မြင်ရမှာဖြစ်ပြီး နည်းပါးရန်၊ လျော့ပါးရန်အတွက် ထိန်းချုပ်ကာကွယ်တားဆီးဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှု လျော့နည်းစေရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားဖို့ လိုအပ်မှာဖြစ်သည့်အပြင် အဂတိလိုက်စားမှု လျော့နည်းပပျောက်သွားအောင်၊ မဖြစ်သင့်သည်များမဖြစ်အောင် အဘက်ဘက်ကနည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်ဦးဝင်းတည်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဇော်မင်းထွန်းက အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)