ရှမ်းရွာသစ် မတ် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများမှာ ကင်ပွန်းချဉ်ပင်များကို အိမ်ခြံဝန်းများအတွင်း မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ ရာသီမရွေး စားသုံးနိုင်ခြင်း၊ ဝင်ငွေရရှိခြင်းတို့ကြောင့် တိုးချဲ့စိုက်ပျိုးလျက်ရှိကြကြောင်း ဒေသခံတစ်ဦးက ပြောကြားချက်အရ သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကင်ပွန်းချဉ်ပင်များမှာ တောတောင်များပေါ်တွင် သဘာဝအလျောက် များစွာပေါက်ရောက်သော်လည်း ဒေသခံပြည်သူများ၏ နှစ်စဉ်တောင်ယာခုတ်ထွင်ခြင်း၊ ဥယျာဉ်ခြံများ စိုက်ပျိုးခြင်းနှင့် တောမီးလောင်ကျွမ်းမှုတို့ကြောင့် မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့ရသည်။
ယခုအခါ ကင်ပွန်းချဉ်ပင်များမှာ တစ်နှစ်ပတ်လုံး စားသုံးနိုင်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ကာ မိသားစုဝင်ငွေအတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်သည့်အတွက် ဒေသခံအချို့က ကင်ပွန်းချဉ်ပင်များကို မိမိတို့အိမ်ခြံဝင်းများတွင် ပြန်လည်စိုက်ပျိုးခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ ကိုင်းကူးစိုက်ပျိုးခြင်းများအပြင် တိုးချဲ့စိုက်ပျိုးခြင်းများ ပြုလုပ်လာကြသည်။
ကင်ပွန်းချဉ်သည် ကျန်းမာရေးနှင့်ညီညွတ်သည့် ဟင်းလျာတစ်ခုဖြစ်သည့်အပြင် ကင်ပွန်းသီးများ ရရှိလာပါကလည်း ခေါင်းလျှော်ရည်ထုတ်လုပ်သည့် ကုန်သည်များက လာရောက်ဝယ်ယူခြင်းများ ရှိသည့်အတွက် မိသားစုအတွက် များစွာအထောက်အကူပြုသည့် သီးနှံပင်တစ်မျိုးဖြစ်ကြောင်း ကင်ပွန်းချဉ်တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
ဇင်လေး
https://t.me/MyanmarNationalPost

No comments:
Post a Comment