မိုင်းကိုင်၊ မတ် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူဖြစ်သော ရွှေမြင်ထင်မွေတော်စေတီတော်၌ ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ ယနေ့နံနက်ပိုင်းက ထီးတော်တင်ပွဲနှင့် လှူဒါန်းရေစက်ချပွဲကို စေတီတော်ပုရဝုဏ်၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော်၊ သံဃာတော်များ၊ ဒေသတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ မိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးမှ မိဘပြည်သူများ၊ စေတနာရှင်အလှူရှင်များက တင်လှူပူဇော်မည့် ထီးတော်များကို ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ်လှည့်လည် ပူဇော်ပြီးနောက် စေတီတော်ပုရဝုဏ်အတွင်း အနောက်ဘက်အာရုဏ်ခံတန်ဆောင်း၌ ဒေသတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ၊ မွေတော်မြောက်ကျောင်း၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တရေဝတ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး အနုမောဿနာတရားများ နာယူပူဇော်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြသည်။
ထို့နောက် မင်္ဂလာအချိန်တွင် တင်လှူပူဇော်မည့် ရွှေမြင်ထင်မွေတော်စေတီတော် အရံစေတီ (၆) ဆူနှင့် တန်ဆောင်းပြဿဒ်ထီးတော် (၂) ဆူတို့၏ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များကို မင်္ဂလာရထားပြန်ဖြင့် ပင့်ဆောင်၍ စေတီတော်အသီးသီး၊ ပြဿဒ်အသီးသီး၌ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တရေဝတ အမှူးထား၍ ဆရာတော်၊ သံဃာတော်များက တင်လှူပူဇော်ခဲ့ကြပြီး ပရိတ်နံ့သာရည်များပက်ဖျန်းကာ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)
#News



No comments:
Post a Comment