ဘီလူးရုပ်ဖမ်းပြီး အစွယ်ထုတ်ပြကြသူများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီလူးရုပ်ဖမ်းပြီး အစွယ်ထုတ်ပြကြသူများ


အသက်ကြီးလေ အတွေ့အကြုံတွေများလေ၊ လူတွေရဲ့ သဘောသဘာဝအပေါ်မှာ ပိုပြီး နာလည်လာလေပါပဲ။ တချို့ကြတော့လည်း အသက်မကြီးပေမယ့် သင်ခန်းစာတွေကို နမူနာယူပြီး လူတွေရဲ့ သဘော သဘာဝအပေါ် နားလည်လာကြသူတွေလည်း ရှိပါတယ်။ လူတွေဖြစ်တဲ့အတွက် ကိစ္စရပ်တစ်ခု ပေါ်ပေါက်လာရင် လူ့သဘောသဘာဝအတိုင်း အမြင်အမျိုးမျိုး၊ သုံးသပ်ချက်အမျိုးမျိုး ထွက်ပေါ်လာတာ သဘာဝပါပဲ။

ချစ်တဲ့သူက ချစ်တဲ့မျက်စိနဲ့ ကြည့်ပြီး သုံးသပ်တယ်။

မုန်းတဲ့သူ က မုန်းတဲ့ မျက်စိနဲ့ ကြည့်ပြီး သုံးသပ်တယ်။

အမြင်ကတ်နေတဲ့သူကလည်း အမြင်ကတ်နေတဲ့ ရှုထောင့်က သုံးသပ်တယ်။

"မင်းတို့မျက်စောင်း အကြောင်းမရွေး" ဆိုတဲ့ မြန်မာစကားပုံလည်း ရှိပါတယ်။ ခေတ်ကာလအခြေအနေအရ ပြောရင်တော့ တိုင်းပြည်ရဲ့ အကြီးအကဲသော်လည်းကောင်း၊ ဌာနဆိုင်ရာ အကြီးအကဲသော်လည်းကောင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့် ရှိသူတွေရဲ့ မျက်စောင်း အကြောင်းမရွေး ဖြစ်တတ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ အဖေဆီ ရောက်ဖြစ်သေးတယ်။ အဖေတို့ နေထိုင်တဲ့ နေရာနဲ့ ပတ်သက်လို့ မျက်ခုံးလှုပ်လာတဲ့ အခြေအနေပေါ့။ အဖေက တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ရောက်လာတဲ့ အခြေအနေကို ပြောပြတယ်။ လာတဲ့သူကတော့ (၁၀)ယောက်လောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင်ပေါ့။ အဲဒီအထဲက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်နှာကို ခက်ထန်တင်းမာပြီး ဘီလူးရုပ်ဖမ်းထားသတဲ့။ "ငါ့သားရယ် အဖေကလည်း သိတာပေါ့။ အဲဒါနဲ့ အဖေလည်း သူတို့နားကို သွားပြီး ငါ့ညီတို့ရဲ့ မင်းတို့ လာတုန်းက ပြုံးပြုံးရွှင်ရွှင်ပါ။ ဘာဖြစ်လို့ ဦးလေးတို့ ရှေ့ရောက်မှ ဘီလူးရုပ်ဖမ်းထားရတာလဲ။ ငါ့ညီတို့က ပြည်သူနဲ့တွေ့ရင် အဲဒီလို ဖြစ်တာတော့ မကောင်းဘူးကွာ။" လို့ ဆိုတော့မှ မဟုတ်ပါဘူး ဦးလေးရယ်ဆိုပြီး မျက်နှာပြောင်းသွားသတဲ့။

ကဲ မပေါ်လွင်ပေဘူးလား။ ဘာလို့ ပြည်သူနဲ့ တွေ့ရင် အစွယ်ထုတ်ပြချင်ကြတာလဲ။ 

သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် နိုင်ငံဝန်ထမ်းများအားလုံးက ပြည်သူကို အလုပ်အကျွေးပြုရမယ့်သူတွေသာ ဖြစ်ပါတယ်။ နိုင်ငံတော်လစာ စားပြီး နိုင်ငံကောင်းဖို့၊ အများပြည်သူကို ကောင်းကျိုးပြုဖို့ အလုပ် လုပ်နေကြသူတွေ မဟုတ်ပါလား။ 

တပ်မတော်သားများသည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့

ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုကြား တရားဥပဒေစိုးမိုးစေဖို့

အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများသည် ပြည်သူများ၏ နေ့စဉ်လူမှုဘဝ အခက်အခဲများကို ဖြေရှင်းပေးဖို့

စသဖြင့် စသဖြင့် ဝန်ကြီးဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေသူများဟာ မိမိတို့ တာဝန်ယူဆောင်ရွက်နေတဲ့ ရာထူးတာဝန် လုပ်ပိုင်ခွင့်နဲ့ အများပြည်သူကို ကောင်းကျိုးပြုဖို့သည် ရည်ရွယ်ချက်အစစ်အမှန် ဖြစ်ပါတယ်။

သို့ပေသော် တာဝန်နှင့် လုပ်ပိုင်ခွင့် မရခင်တော့ သာမာန်ပြည်သူပါပဲ။ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရသွားတဲ့ အခါကြတော့ ပြည်သူနဲ့တွေ့ရင် အစွယ်ထုတ်ပြချင်ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သွားကြတယ်။

တိုင်းပြည်မှာ ဆူပူအကြမ်းဖက်လုပ်နေကြတယ်။ နိုင်နင်းအောင် မထိန်းသိမ်းနိုင်ဘူး။ အကြမ်းဖက်သမားကိုသာ မနိုင်တာမျိုး ရှိရမယ်။ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူကိုတော့ အစွယ်ထုတ်ပြပြီး ခြောက်စား၊ ဟောက်စား လုပ်ဖို့ လက်မရွံ့ဘူး။

တာဝန်ရှိသူများ အားလုံးကိုပေါ့ဗျာ။ မေတ္တာရပ်ခံချင်ပါရဲ့ -

ကျွန်တော်အဖေ မေတ္တာရပ်ခံတဲ့အတိုင်းပါပဲ။ "ပြည်သူနဲ့ တွေ့ရင် ဘီလူးရုပ်ဖမ်းမထားကြပါနဲ့၊ အစွယ်ထုတ်မပြချင်ကြပါနဲ့"

တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာချင်တဲ့ သူကြတော့ ပြည်သူတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်းကို ဂရုမစိုက်တော့ဘူး။ ပြည်သူ့မေတ္တာလည်း မခံယူလိုကြတော့ဘူး။ ချစ်ရင်ချစ်၊ မုန်းရင်မုန်း ငွေရှင်ကြေးရှင်တွေရဲ့ လက်ကိုင်တုတ်အဖြစ်နဲ့ ဘီလူးရုပ်ဖမ်းပြီး အစွယ်ထုတ်ပြတဲ့ လုပ်ရပ်မျိုးတွေ အထင်အရှား လုပ်တတ်ကြပါတယ်။

တကယ်တော့ ဘီလူးရုပ်ဖမ်းပြီး အစွယ်ထုတ်ပြရမယ့် နေရာက အကြမ်းဖက်သမားတွေ ပြည်ဖျက်မိစ္ဆာတွေနဲ့ တွေ့တဲ့အချိန်မှာ အစွယ်ထုတ်ပြကြရမှာ။ အကြမ်းဖက်သမားများနဲ့ တွေ့တဲ့အခါ ခြေသုတ်ပုဆိုး၊ မြွေဆွယ်ကျိုးများ ဖြစ်နေကြပြီး ပြည်သူနဲ့တွေ့တဲ့အခါ ဘီလူးရုပ်ဖမ်းပြီး၊ အစွယ်ထုတ်ပြနေကြလေသောအခါ -

နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)