ဆင်းရဲနွံတွင်းက ရုန်းထွက်လုနီး ဘင်္ဂလားဒေ့ရှ်နမူနာစီးပွားရေးမူဝါဒ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်းရဲနွံတွင်းက ရုန်းထွက်လုနီး ဘင်္ဂလားဒေ့ရှ်နမူနာစီးပွားရေးမူဝါဒ



ကုန်သွယ်မှုကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အလွန်အရေးပါသော မောင်းနှင်အားတစ်ခုဖြစ်သည့်အတွက် ဆင်းရဲမှုတိုက်ဖျက်ရေး၌ ပြည်ပကုန်သွယ်ရေးကို လက်နက်ကောင်းတစ်ခုအဖြစ်အသုံးချခဲ့သည့် ဖွံ့ဖြိုးဆဲအိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ၏ ဥပမာတစ်ခုကို ဖော်ပြလိုပါသည်။ ကျွန်တော်တို့ အနောက်ဘက်အိမ်နီးချင်း၊ သမိုင်းတစ်လျှောက် စားရေရိက္ခာမဖူလုံမှုကြောင့် ဆင်းရဲမှုနှင့်နပန်းလုံးနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆင်းရဲနွံက ရုန်းထွက်ဖို့ရန် ပြည်ပကုန်သွယ်ရေးကို အသက်ကယ်ကြိုးတစ်ခုအဖြစ်အသုံးချခဲ့သည်မှာ မှန်ကန်ကြောင်း ယခုအခါ သက်သေပြလျက်ရှိပါသည်။


စီမံချက်ကောင်းများဖြင့် …..

နိုင်ငံတကာကုန်သွယ်ရေးကို ထူထူထောင်ထောင်ဖြစ်အောင် လုပ်နိုင်ခြင်းကပင် မိမိတို့နိုင်ငံသားများကို အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးခြင်းဖြစ်သည်။ နိုင်ငံသားများစဉ်ဆက်မပြတ် ဝင်ငွေတိုးနေအောင် ဖန်တီးပေးနိုင်ခြင်းက ကုန်သွယ်မှုမှရလာသော ရလဒ်ကောင်းတစ်ခုဟု ဆိုရမည်ဖြစ်သည်။ လူသားအရင်းအမြစ်မှလွဲ၍ သယံဇာတအရင်းအမြစ်ပိုင်ဆိုင်မှုတွင် ချို့တဲ့လှသည့်ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘာပေါ်မှာအဋ္ဌမမြောက် လူဦးရေအများဆုံးသန်းပေါင်း ၁၇၀ ခန့်ဖြင့် လူဦးရေသိပ်သည်းဆများသည့် နိုင်ငံငယ်လေးတစ်ခုက စီးပွားရေးစနစ်ကြီးတစ်ခုလုံးနှင့် အကျုံးဝင်သည့် မက်ခရိုစီးပွားရေးကို ၂၀၁၀ ပြည့်နှစ်ကတည်းက တည်ငြိမ်အောင်ထိန်းသိမ်းလာနိုင်သည်မှာ နိုင်ငံတကာနှင့် ကုန်သွယ်ရေးကို အဓိကအားထားပြီး ပို့ကုန်ကဏ္ဍကို အကောင်းဆုံးမြှင့်တင်နိုင်ခဲ့သည့်အတွက်ကြောင့်ဟု ဆိုရမည်ဖြစ်သည်။ အစိုးရကချမှတ်သော ရေတိုရေရှည်စီးပွားရေးစီမံချက်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ခဲ့ကြသည်ကို တွေ့ရသည်။

ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးတိုးတက်မှုတွင် Labour intensive product (လုပ်သားအင်အားအခြေပြု အထည်ချုပ်ကဏ္ဍ)သည် အလွန်အရေးပါခဲ့ပြီး ပို့ကုန်ကဏ္ဍကို ကောင်းစွာအထောက်အကူပြုခဲ့သည်။ ကိုဗစ်ကာလနောက်ပိုင်း အကောင်းဆုံးပြန်လည် လည်ပတ်နိုင်အောင်လုပ်နိုင်ခဲ့ကြသည်။ လုပ်အားခသက်သာသည့် လုပ်သားထုအင်အားမျက်နှာသာပေးမှုဖြင့် ထုတ်လုပ်မှုစရိတ်သက်သာပြီး ဈေးကွက်ယှဉ်ပြိုင်မှု (comparative advantage )မှာ တစ်ပန်းသာခဲ့သည်။

ဆိပ်ကမ်းများအပါအဝင် စရိတ်သက်သာသည့် သယ်ယူပို့ဆောင်ရေးကွန်ရက်ဖြစ်အောင် အကောင်းဆုံးပြင်ဆင်နိုင်ခဲ့သည်။ နိုင်ငံတကာဈေးကွက်ကို ဘယ်လိုထိုးဖောက်မလဲ အခွင့်အလမ်းမှန်သမျှ ရယူနိုင်စွမ်းရှိခဲ့သည်။ နိုင်ငံတကာနှင့်သင့်တင့်မျှတသည့် ကုန်သွယ်ရေးစာချုပ်များကိုချုပ်ဆိုနိုင်ခဲ့ပြီး ကောင်းမွန်သော စီးပွားရေးသံခင်းတမန်ခင်းကို ပြသနိုင်ခဲ့သည်။ ဒါနဲ့တင်ပြီးမလား၊ မဟုတ်ပါ၊ ဘယ်လိုပို့ကုန်များက ပိုတွက်ခြေကိုက်မလဲ။ ကိုယ့်အားသာချက်နှင့် သူ့အားနည်းချက်ကို market analysis ဆန်းစစ်ပြီး အိမ်နီးချင်းနိုင်ငံများတွင် ရာသီအလိုက်လိုအပ်ချက်အရ တောင်းဆိုမှုများသော ဈေးကွက်ဝင် ပို့ကုန်အမျိုးအစားကိုပို၍ ဦးစားပေးတင်ပို့နိုင်အောင်ကြိုးစားသည်၊၊ လက်တွေ့ကျသော ကုန်သွယ်ရေးမူဝါဒနှင့် စည်းမျဉ်း၊ စည်းကမ်းများအောက်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များကို မက်လုံးကောင်းကောင်းပေး၍ အစိုးရ၏ပံ့ပိုးကူညီမှုများက ပို့ကုန်သွင်းကုန်ကဏ္ဍတိုးတက်ရေးမှာ အကောင်းဆုံးရှေ့ဆောင်ဖြစ်ခဲ့ခြင်းသည် အားကျအတုယူဖွယ်ရာဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်သည် ယခုအခါဆေးဝါးအမျိုးမျိုးနှင့် IT ပစ္စည်းများကို ပြည်ပတင်ပို့နိုင်ပြီဖြစ်သည်။ ထိုလုပ်ငန်းများတွင် ကဏ္ဍအလိုက်ကျွမ်းကျင်လုပ်သား (skillful labour)ထုကြီးကို efficient labour  ဖြစ်အောင် သူ့နေရာနှင့်သူ အသုံးတည့်အောင်နေရာချစီမံခန့်ခွဲနိုင်ခြင်းက အားသာချက်တစ်ခုပင်ဖြစ်သည်။ သုတေသနနယ်ပယ် (applied research)ကို အထူးအားပေးသည်၊၊ အထူးသဖြင့် ကုန်ထုတ်လုပ်မှုနယ်ပယ်နှင့် ဈေးကွက်သုတေသနနယ်ပယ်တွေမှာ သုတေသီများ၏စာတမ်းများက အထူးကျေးဇူးပြုနေသည်ကို တွေ့ရသည်။ ကိုဗစ်ကာလတုန်းက ကျဆင်းသွားခဲ့သည့် အရေးပါသည့်အထည်ချုပ်ကဏ္ဍကို ဘယ်လိုပြန်လည်အဖတ်ဆယ်မလဲနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် သုတေသီတစ်ဦး ရေးသားထားသည့် စာတမ်းတိုတစ်စောင်ကိုဖတ်ဖူးသည်။ သူတို့စာတမ်းတွေက နိုင်ငံ၏ စီးပွားရေးကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်အမြင်ကို ကောင်းစွာထင်ဟပ်ပြီး ထိရောက်မှုလည်းရှိပုံရသည်။

သွင်းကုန်၊ ပို့ကုန်ကဏ္ဍမှာသွင်းကုန်အပေါ် စည်းကြပ်သည့်အခွန်အကောက် tariff policy နှင့်အတူ အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ပြုသည့် quota ကို ဟန်ချက်ညီအောင် ထိန်းထားနိုင်သည်။ အခွန်ဆောင်ရာမှာ အဆင့်တွေများပြီး ကြန့်ကြာမှုမရှိအောင် ဖြေလျှော့ပေးမှုများကြောင့် နိုင်ငံတကာကုန်သွယ်ရေးမှာ ဝင်ဆံ့လာသည်။ လက်ရှိဒေါ်လာဈေးမြင့်တက်လာမှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ်ကြီးလာသည့်အခါ ပြည်တွင်းစားအုန်းဆီနှင့် ပဲပုပ်ဈေးနှုန်းများကို လျှော့ချမပေးဘဲ လုပ်ငန်းရှင်များအတွက် စားသုံးဆီတင်သွင်းခွန်နှင့် ပဲပုပ်ဆီတင်သွင်းခွန်များကိုသာ လျှော့ချပေးခဲ့ဖူးသည်။

စာတမ်းတွေ့ရှိချက်များနှင့်အတူအစိုးရ၏ ဖြေလျှော့ပေးမှုများက စွန့်ဦးတီထွင်လုပ်ငန်းရှင် များစွာကို မွေးထုတ်ပေးလာနိုင်ပြီး သူတို့၏ စွန့်စွန့်စားစား ရင်းနှီးမြှုပ်နှံမှုများက လိုအပ်သည့်နေရာမှာ လိုအပ်သလို ဈေးကစားနိုင်စွမ်းရှိလာသည်။ ဤသည်ပင်လွတ်လပ်သော open or free trade တစ်ခုအသွင်ကို ဆောင်လာခြင်းဖြစ်ကာ နိုင်ငံတကာကုန်သွယ်မှုမှာ အထိုက်အလျောက်နေရာရလာပြီး နိုင်ငံ၏ဆင်းရဲမွဲတေမှုကိုပါ များစွာလျော့ပါးသွားစေခဲ့သည်ဟု ချီးကျူးအသိအမှတ်ပြုလာကြသည်။ ဤသည်ပင် တိုးတက်မှုအတွက် အရေးပါသည့်ခြေလှမ်းများဟု ဆိုရမည်ဖြစ်ပါသည်။


ပြုပြင်ပြောင်းလဲနိုင်စွမ်း

စီးပွားရေးလုပ်ရာမှာ အခြေအနေအချိန်အခါနှင့်အညီ အပြောင်းအလဲလုပ်နိုင်စွမ်းက အလွန်အရေးပါပါသည်။ လုပ်ရဲကိုင်ရဲတာမျိုးဖြစ်သည်။ တစ်ခါတစ်ရံယုံကြည်မှုကို ပေးအပ်လိုက်ရသည်၊ ရလဒ်နည်းနိုင်မည့်အရာကို စွန့်လွှတ်ပြီး အောင်မြင်မှုများမည့်အရာမှာ ပုံအော၍ စွန့်စားလိုက်ရခြင်း opportunity cost ကို တွေ့ရသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရရောလုပ်ငန်းရှင်များကပါ တစ်စုံတစ်ရာကို အလွယ်တကူယုံကြည်မှုမပေးသင့် သည့်အရာမျိုးကိုပင် ယုံကြည်မှုကို ရဲရဲဝံ့ဝံ့ပေးရဲသည့်သတ္တိ leap of faith ကို ကျင့်သုံးသွားကြသည်။ ထိုသတ္တိဖြင့် ကိုယ့်ပြည်တွင်းဈေးကွက်ကိုသာ တစ်ချိန်လုံးအာရုံစိုက်စဉ်းစားခြင်း inward looking နှင့် သွင်းကုန်အစားထိုး import substitution ဆိုသည်ထက် ပြင်ပကိုမျှော်ကြည့်ပြီး (outward looking) ဖြင့် သူများလိုအပ်ချက်နှင့် နိုင်ငံတကာဈေးကွက်ကိုကြည့်ကာ ပို့ကုန်ဦးစားပေးသည့် မူဝါဒကို ပြောင်းလဲကျင့်သုံးခဲ့ကြသည်။

ထိုပြောင်းလဲမှုနှင့်အညီ အုပ်ချုပ်စီမံခန့်ခွဲသည့်စနစ် export oriented regime ကိုပါ လိုက်ပါပြောင်းလဲနိုင်စွမ်းရှိခဲ့သည်။ ထိုမူဝါဒမှန်သည်ဟုဆိုရပါမည်၊ တကယ်တမ်းပြည်တွင်းဈေးကွက်ကို အားထားခြင်းနှင့် သွင်းကုန်အစားထိုးမူဝါဒဟူသည် အလျင်အမြန်တိုးတက်မှုကိုဖြစ်စေမည့် ခေတ်မီစက်မှုဖြစ်ထွန်းမှုကိုပါ တစ်ပြိုင်တည်းလိုက်ပါလာအောင် ဆွဲခေါ်နိုင်စွမ်းမရှိပါ၊၊

၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များဆီ ပြန်လှည့်ကြည့်လျှင် စံနမူနာယူဖွယ် ပို့ကုန်ဦးစားပေးမူဝါဒကိုင်စွဲခဲ့သည့် ထွန်းသစ်စ အာရှအရှေ့ဖျားနိုင်ငံများ တစ်ဟုန်တိုးစီးပွားတိုးတက်ခဲ့စဉ်က ဘင်္ဂလားဒေ့ရှ်သည် ကုန်ကြမ်းအခြေပြုပို့ကုန်များဖြစ်သည့် ဂုန်လျှော်ချည်မျှင်၊ လက်ဖက်ခြောက်နှင့် ပုစွန်စသည်တို့တွင်သာ အဓိကမှီခိုအားထားနေရသည်။ ယနေ့ကာလတွင် ဘင်္ဂလားဒေ့ရှ် မူဝါဒချမှတ်သူများကြောင့် အရည်အသွေးမီချုပ်လုပ်ပြီး အဝတ်အထည်မျိုးစုံကို အလုံးအရင်းဖြင့်တင်ပို့ နိုင်ပြီဖြစ်သည့်အပြင် စိုက်ပျိုးရေးထွက်ကုန်များကို ခေတ်မီနည်းပညာများအသုံးပြု၍လည်း အသင့်စားကုန်ချောအဖြစ် တင်ပို့နိုင်စွမ်းရှိသော ပလေယာအသစ် နောက်ထပ်အာရှကျားနိုင်ငံ တစ်နိုင်ငံအဖြစ်သို့ စတင်ရှေးရှုနေပါပြီ။

အဝတ်အထည်နှင့် ပေါင်မုန့်၊ ဘီစကွတ်၊ ယို၊ ဂျယ်လီ၊ သစ်သီးဖျော်ရည်၊ ယမကာစသည့် ပြုပြင်ပြီး အစားအစာများအပေါ် ကမ္ဘာ့ဝယ်လိုအားက ကောင်းနေသည်။ ထိုစဉ်က တရုတ်၊ အိန္ဒိယ၊ မက္ကဆီကို၊ ဘရာဇီးလ်တို့လိုပင် ဘင်္ဂလားဒေ့ရှ်ကလည်း ကုန်သွယ်မှုကဏ္ဍကို နိုင်ငံ GDP ၏ အဓိကကျောရိုးအဖြစ် အားထားလာနိုင်သည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကမ္ဘာကြည့်ကြည့်နိုင်စွမ်းရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်။ အရေးပါသော ကမ္ဘာ့ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်လိုအဖွဲ့အစည်းများကပင် အထူးတလည် သတ်မှတ်လာကြသည်။ ထို့ကြောင့်လည်း ပေကျင်းအခြေစိုက် AIIB- Asian Infrastructure Investment Bank ထံမှ ချေးငွေအကူအညီများကိုရယူလာနိုင်ပြီး ၎င်းကစီးပွားတိုးတက်မှုအခွင့်အလမ်း တစ်ခုပင်ဖြစ်စေခဲ့သည်ဟု ဆိုနိုင်ပါသည်။ ရာသီဥတုပြောင်းလဲမှုအပါအဝင် ကမ္ဘာကြီးမှာမတည်ငြိမ်မှုများ နှင့် အဘက်ဘက်က ဆုတ်ယုတ်ကျဆင်းနေချိန်မှာ ထိုသို့သောအခွင့်အလမ်းမျိုးကားရနိုင်ခဲပါသည်။

ပြုပြင်ပြောင်းလဲတိုင်း၏ အကျိုးရလဒ်ဟူသည် ရာစုနှစ်တစ်ခု၊ နှစ်ခုမျှ အချိန်ယူရလေ့ရှိပါသည်။ ၁၉၉၀ ပြည့်နှစ်ကစခဲ့သည့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုသည် ၂၀၀၀ ပြည့်နှစ်မှစ၍ ပုံမှန်တိုးတက်လာခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှစ၍ သိသိသာသာ ရလဒ်ကောင်းများရရှိလာခဲ့ကာ ယခုအခါ ဘင်္ဂလားဒေ့ရှ်ပြည်သူများသည် ထိုမူဝါဒအပြောင်းအလဲ၏ အသီးအပွင့်များကို ခံစားနေကြပြီဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်က ဆင်းရဲမှုနှုန်း ၅၉ ရာခိုင်နှုန်းကနေ ၂၀၁၉ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျသွားပြီဖြစ်သည်။ GDP က ပုံမှန်တိုးတက်နေသည်။ သတ္တိရှိရှိဖြင့်စွန့်စားပြီး လုပ်သင့်သည့်အပြောင်းအလဲကိုပြုလုပ်ကာ ကာလရှည်ရင်းနှီးမြှုပ်နှံခဲ့ရသည့် ပေးဆပ်ခဲ့ရသည့်အချိန် ရင်းနှီးမြှုပ်နှံမှုအရင်းအနှီးတန်ဖိုးများကား အလကားမဖြစ်ပါ၊

ပေးရသလောက်တန်သည် risk and return ရှိသည်ဟုဆိုရမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုနှင့်အညီ စီမံခန့်ခွဲမှု change management တွင်ပါ လိုက်ပါပြောင်းလဲနိုင်စွမ်းရှိခြင်းကိုအထူး အသိအမှတ်ပြုရမည်ဖြစ်သည်။ မိမိမှာ ဘာအားသာချက်ရှိနေသလဲ၊ ဘယ်လိုအခွင့်အလမ်းကောင်းများ ရှိနေသလဲ၊ နိုင်ငံ၏လူသားအရင်းအမြစ်အားသာချက်ကို အလွယ်တကူမြင်နိုင်ခဲ့ပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိသည့် စွမ်းအားများဖြစ်လာအောင် ပြုပြင်နိုင်စွမ်းရှိခဲ့သည်။ မသေချာမှုများနှင့် ကမ္ဘာကြီး မတည်မငြိမ်ဖြစ်နေစဉ်မှာပင် နိုင်ငံတကာဘဏ်ချေးငွေ အခွင့်အလမ်းကောင်းကိုရအောင် ယူနိုင်ခဲ့ပြီး ယခုအခါနိုင်ငံတွင် ကြုံတွေ့နေရသော စွမ်းအင်ပြဿနာကို ဖြေရှင်းနေပြီဟု ယူဆရသည်။

ထို့ကြောင့်လည်း ဈေးနှုန်းသက်သာပြီးအရည်အသွေးကောင်းသည့် ပို့ကုန်အမယ်များဖြင့်ကမ္ဘာကြီးမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိလာခြင်းဖြစ်သည်။ ပို့ကုန်ကဏ္ဍတိုးတက်မှုနှင့်အညီ နိုင်ငံသားများကို အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးနိုင်သည့်အတွက် ဆင်းရဲမှုနှုန်းလျော့ကျသွားသည်ကို ထင်ထင်ရှားရှားတွေ့ရသည်။ မိမိတို့မြန်မာနိုင်ငံအနေဖြင့်ရော၊ မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံဈေးကွက်သို့ အခွံပါမြေပဲစေ့အပါအဝင် လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများ၊ စက်မှုကုန်ချောများကို အဓိကတင်ပို့လျက်ရှိသကဲ့သို့ အခြားသော နယ်စပ်ကုန်သွယ်ရေးစခန်းများမှလည်း ပို့ကုန်အမယ်သစ်များ တိုးတက်တင်ပို့နိုင်အောင် ကြိုးပမ်းအားထုတ်လျက်ရှိသည်။

နယ်မြေဒေသတည်ငြိမ်မှုအပေါ်မူတည်၍ မိမိဘက်မှ အဓိကတင်ပို့မှုပို့ကုန်ပမာဏနှင့် တန်ဖိုးများ အတက်အကျရှိနေသော်လည်း အိမ်နီးချင်းနိုင်ငံ၏ ပို့ကုန်သွင်းကုန်မူဝါဒနှင့် ဆောင်ရွက်ပုံများမှာ မိမိနိုင်ငံအတွက် တန်ဖိုးရှိသောနမူနာများအဖြစ် မှတ်ယူပါသည်။ အခြေအနေအချိန်အခါအရအကျဘက်မှာ မျောပါမနေဘဲပဋိပက္ခနှင့် အခက်အခဲများကြားမှာ ဘယ်လိုရပ်တည်မလဲ၊ တည်ငြိမ်မှုရှိလာမည့်အပေါ် ကြိုတင်မြော်တွေးပြီး နမူနာယူသင်ခန်းစာပြုထားကြရပါမည်။

ရွေးကောက်ပွဲအနိုင်ရ ရှိတ်ဟာဆီနာအစိုးရအနေဖြင့်မူ အစဉ်အဆက်ကုန်သွယ်မှုဦးစားပေး ပို့ကုန်အဓိကမူဝါဒအတိုင်း ၎င်းတို့နိုင်ငံ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးရေးနှင့် အလွှာပေါင်းစုံညီညွတ် မျှတရေးပန်းတိုင်များဆီ အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေဦးမှာ အသေအချာပင်ဖြစ်သည်ဟု အပြုသဘောမြင်မိပါသည်။ ။


မိုးကေနိုင်

(ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)