(၁၆) ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းကွန်ရက် အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၆) ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းကွန်ရက် အစည်းအဝေး ကျင်းပ


နေပြည်တော်၊ မတ် ၈

(၁၆) ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းကွန်ရက်အစည်းအဝေး ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ၍ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) နှင့် ပူးပေါင်းပြီး ယမန်နေ့က နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ကျော်ဟန်က အာဆီယံမူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်း ကွန်ရက်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မူးယစ်ဆေးဝါးဆိုင်ရာပြဿနာများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ စုဆောင်းခြင်း၊ သုတေသနပြုခြင်းနှင့် အဖွဲ့ဝင် နိုင်ငံများသို့ သတင်းအချက်အလက်များ ပြန်လည်ဝေမျှပေးသဖြင့် အဖွဲ့ဝင်နိုင်ငံများမှ ရှေ့ဆက်လက် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများအတွက် လွန်စွာမှ အထောက်အပံ့ကောင်းများစွာရရှိသော ပလက်ဖောင်းတစ်ခု ဖြစ်ကြောင်း။

ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်း ဝယ်မှုများသည် ပိုမိုကြီးထွားကျယ်ပြန့်လာခဲ့ပြီး သုံးစွဲသူဦးရေလည်း များပြားလျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ လူလုပ်မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိကအရင်းအမြစ်သည် ပရီကာဆာဓာတုပစ္စည်းများ ဖြစ်ပါကြောင်း၊ ပရီကာဆာဓာတုပစ္စည်း များသည် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာနေရာများသို့ ဝင်ရောက်လျက်ရှိကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ပရီကာဆာ ထိန်းချုပ်ရေးကို အဖွဲ့ဝင်နိုင်ငံများက အဓိကဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အာဆီယံ မူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်း ကွန်ရက်အစီရင်ခံစာသည် ဒေသတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သုံးစွဲမှုကို အဓိကထားပြီး အာဆီယံ၏ မူးယစ်ဆေးဝါးအခြေအနေများကို ကျယ်ပြန့်စွာ သုံးသပ်ဖော်ပြခြင်း၊ မူးယစ်ဆေးဝါးအသစ်များ၊ လူလုပ်မူးယစ်ဆေးဝါးအသစ်များ၏ နောက်ဆုံးအခြေအနေများကို ဖော်ပြထားခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ အခြားသတင်း မှတ်တမ်းနှင့် သတင်းဖလှယ်မှုကို ASEAN-Narco ဝက်ဘ်ဆိုက်မှ ရယူနိုင်ခြင်းကြောင့် အလွန်အကျိုး ကျေးဇူးများစွာ ရရှိပါကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး သန်းအေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များနှင့် အာဆီယံအတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အာဆီယံမူးယစ် ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းကွန်ရက်၏ ယခင်ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် အောင်မြင် မှုများအပေါ် ပြန်လည်သုံးသပ် ခြင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ မူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှု မှုကွန်ရက်အစီရင်ခံစာ အချက်အလက်ပြုစုမှုစနစ်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျှော့ချရေး၊ သုံးစွဲမှုပပျောက်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ မူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှုကွန်ရက်၏ လုပ်ငန်းစီမံချက် ၂၀၂၄ - ၂၀၂၅ နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အာဆီယံ မူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းကွန်ရက်ကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဆီယံ မူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းကွန်ရက်အစည်း အဝေးများကို ကျင်းပရခြင်းသည် အာဆီယံနိုင်ငံများ၏ မူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းအစီရင်ခံစာတွင် ထည့်သွင်းထားသည့် အချက်အလက်များကို ပြန်လည်စိစစ်ရန်၊ online စနစ်အသုံးပြုပြီး အချက်အလက် များ ဖြည့်သွင်းရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဝိုင်းဝန်း ဆွေးနွေးဖြေရှင်းရန်၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မိမိတို့၏ သတင်းအချက်အလက်များ မျှဝေဖလှယ်နိုင်ကြ ရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)