နေပြည်တော် “လမ်းလျှောက်သင်္ကြန်” တွင် K-POP အဆိုရှင်များနှင့် နာမည်ကြီး အနုပညာရှင်များ ပါဝင်သီဆိုကပြဖျော်ဖြေမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော် “လမ်းလျှောက်သင်္ကြန်” တွင် K-POP အဆိုရှင်များနှင့် နာမည်ကြီး အနုပညာရှင်များ ပါဝင်သီဆိုကပြဖျော်ဖြေမည်



နေပြည်တော်၊ မတ် ၁၆

၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးမောင်မောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Brilliant Aura Co.,Ltd မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း ယခင်နှစ်ကကဲ့သို့ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဖော်ဆောင်ရန်ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို ရိုးရာ ပွဲတော်တစ်ခုအဖြစ် ပြည်သူများသာမက ဝန်ထမ်းများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများအားလုံး ပေါင်းစည်းပြီး ဝန်ထမ်းများ အားလုံး စုပေါင်းပျော်ရွှင်သည့် သင်္ကြန်ပွဲတော်တစ်ခုဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း။


နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ပေါင်းစပ်ညှိနှိုင်းကာ နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို အတတ်နိုင်ဆုံး စည်စည်ကားကားဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အထူးအစီအစဉ်အနေဖြင့် Boss and Jobs Company နှင့် ကိုရီးယားကုမ္ပဏီများ ပူးပေါင်း၍ လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့် နာမည်ကြီး အနုပညာရှင်များ ပါဝင်သီဆိုကပြဖျော်ဖြေမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားသည့် အနု ပညာရှင်များကိုလည်း နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ထား ပါကြောင်း၊ ပြည်သူများ၊ ဝန်ထမ်းများ မြန်မာ့နှစ်သစ်ကူးကာလတွင် စိတ်ရွှင်လန်း တက်ကြွပျော်ရွှင်စေရန် စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဝန်ကြီးဌာန များအနေဖြင့် မိမိတို့ဝန်ထမ်းများ၊ ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရေး ပူးပေါင်းပါဝင်ကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးက မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်တွင် ယခင်နှစ်မှစတင်၍ တိုင်းရင်းသားပြည်သူအားလုံး ပျော်ရွှင်စေရေး တီထွင်ဆန်းသစ်ပြီး နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း နိုင်ငံတော် အဆင့်နှင့်လျော်ညီစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ဖြစ်သည့်အတွက် ယဉ်ကျေးမှုနှင့်လျော်ညီစွာ စည်းကမ်းတကျ ပျော်ပျော် ရွှင်ရွှင် ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြား သည်။


ယင်းနောက် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာ သင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ဆောင်ရွက်ခဲ့မှု၊ ယခုနှစ် ဆောင်ရွက်မည့် အစီအစဉ်၊ ကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှု၊ ဖျော်ဖြေရေးအစီအစဉ်၊ ဝန်ထမ်းများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ Brilliant Aura Co.,Ltd မှ ပရောဂျက်ဒါရိုက်တာက တိုင်းရင်းသားသင်္ကြန်၊ စတုဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နှင့် လူငယ်သင်္ကြန်စသည့် ဇုန်လေးခု ထည့်သွင်းကျင်းပနိုင်ရေး အပါအဝင် နေပြည်တော် လမ်းလျှောက်သင်္ကြန် စည်ကာသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် လမ်းလျှောက်သင်္ကြန်အတွက် ပေါင်းစပ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က ဝန်ကြီးဌာနမဏ္ဍပ်များအား နေရာချထားရန် လျာထားချက်၊ ရေပေးဝေမှု၊ ရေရယူမှု၊ လျှပ်စစ်မီးဖြန့်ဖြူးမှု၊ လျှပ်စစ်မီးသွယ်တန်းမှု၊ ဝင်/ထွက် ခွင့်လက်မှတ် ဆောင်ရွက်ထားရှိမှု၊ မဏ္ဍပ်များ စတင်ဆောက်လုပ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် နေပြည်တော်ကောင်စီဝင်၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက် လာကြသူများက နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေးအတွက် ရေရရှိရေး၊ ဖျော်ဖြေရေးဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးကြသည်။


ဆက်လက်၍ နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အစည်းအဝေးဆုံးဖြတ်ချက်များ လျာထားမှုနှင့် ပတ်သက်၍ ဖတ်ကြားတင်ပြပြီး  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


ဓာတ်ပုံ - ၂၀၂၃ခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန်

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)