ဂျကာတာ၊ ဧပြီ ၃
(၂၅) ကြိမ်မြောက် အာဆီယံ-တရုတ် ပူးတွဲပူးပေါင်းဆောင်ရွက်မှု ကော်မတီ အစည်းအဝေးကို ၂-၄-၂၀၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ရာ၊ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးညှိနှိုင်းရေးမှူး တာဝန်ယူထားသည့် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်မှ အာဆီယံဆိုင်ရာ တရုတ် သံအမတ်ကြီး H.E. Hou Yanqi နှင့် ပူးတွဲ၍ အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးသို့ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Dato’ Astanah Abdul Aziz တို့ တက်ရောက်ခဲ့ပြီး၊ အာဆီယံဆိုင်ရာ တီမောလက်စ်တေအဖွဲ့ရုံးက လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။
ယင်းအစည်းအဝေးတွင် အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး၊ သက်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များမှ ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဆောင်ရွက်သွားမည့် ဦးစားပေးအစီအစဉ်များ၊ Initiative for ASEAN Integration (IAI) Work Plan IV အောက်တွင် ဖြစ်ပေါ်တိုးတက်မှုများနှင့် တရုတ်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ASEAN Smart Cities Network နှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်သူများက မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ကို ထမ်းဆောင်စဉ် (၃)နှစ်တာကာလအတွင်း အောင်မြင်မှုများအတွက် ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပြီး၊ အာဆီယံ-တရုတ် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) နှင့် ၎င်း၏ နောက်ဆက်တွဲ အစီအစဉ်တို့နှင့် ပတ်သက်၍ အကောင်အထည်ဖော်လျက်ရှိသည့် ဖြစ်ပေါ်တိုးတက်မှုများ၊ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သည့် (၂၆) ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေး၏ရလဒ်များအပေါ် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် အာဆီယံ-တရုတ် ပြည်သူများအကြား ထိတွေ့ ဆက်ဆံမှုမြှင့်တင်ရန် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးမှူးတာဝန်ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ဖိလစ်ပိုင်နိုင်ငံထံမှ လွှဲပြောင်းရယူခဲ့ပြီး၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် မလေးရှားနိုင်ငံသို့ လွှဲပြောင်းရမည်ဖြစ်ကြောင်း သိရသည်။
#News
No comments:
Post a Comment