မိုင်းဆတ် ဧပြီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြအသိပညာပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြအသိပညာပေး ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအားလွန်၊ ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးဟိန်းလင်းထိုက်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်၊ မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဈေးဆိုင်ခန်းပိုင်ရှင်များအနေဖြင့် မိမိတို့အဆောက်အအုံတွင် ဟောင်းနွမ်းနေသည့် ဝါယာကြိုးများကို ပြန်လည်စစ်ဆေးကာ အသစ်လဲလှယ်ပြင်ဆင်ရေး၊ မီးသတ်ဆေးဘူးများထားရှိရေး၊ ဆိုင်ပိတ်ချိန်တွင် မလိုအပ်သောမီးများပိတ်ထားရေး အသိပညာပေးပြောကြားခဲ့ပြီး ဘေးပတ်ဝန်းကျင် မီးကူးစက်မှုမရှိစေရန် အပူချိန်လျှော့ချသော အနေအထားဖြစ်အောင် ရေပက်ဖျန်းထားရှိရေး၊ ဈေးဆိုင်ခင်းရောင်းချရာတွင် သတ်မှတ်ဧရိယာအတွင်း၌ ခင်းကျင်းရောင်းချရေး၊ ဈေးအတွင်းလျှောက်လမ်းများပေါ်သို့ ခင်းကျင်းရောင်းချခြင်း မပြုရေးတို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များသည် မြို့မဈေးအတွင်း ရောင်းချနေမှုအား လှည့်လည်ကြည့်ရှုပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသမှုအားကြည့်ရှုပြီး လိုအပ်သည်များစီမံဆောင်ရွက်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။
ခိုင်သဲစုပိုင်(မိုင်းဆတ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment