မကွေး ဧပြီ ၇
သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတ ဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပည့်သာဝကအပေါင်းတို့ စုပေါင်း၍ ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အသီးသီးမှ ရှင်သာမဏေလောင်းများအား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တောင်တွင်းကြီးမြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီးရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သာသနာ့ဘောင်သို့ ဝင်ရောက်မည့် ရှင်သာမဏေ လောင်းလျာများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး၏ စီစဉ်ပေးမှုဖြင့် ရှင်သာမဏေလောင်း(၅၆၀၂)ဦး အတွက် သပိတ်၊ သင်္ကန်းနှင့် တူညီဝတ်စုံများ ထောက်ပံ့ပေးခဲ့သည်။
ထို့နောက် ရှင်သာမဏေလောင်းများက ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတထံမှ သင်္ကန်းတောင်း၍ ဆယ်ပါးသီလခံယူဆောက်တည်ခဲ့ပြီးနောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် အလှူရှင်များ၊ ဧည့်ပရိတ်သတ်များက ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတက အမှူးပြုသော သံဃာတော်များနှင့် ရှင်သာမဏေများကို ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ရှင်သာမဏေများအား ကိုရင်များအတွက် ဘဝတစ်သက်တာ လိုက်နာစရာစာအုပ်များ ဖြန့်ဝေ၍ ဆရာတော်များက ပို့ချပေးခဲ့ပြီး ဧပြီလ ၇ ရက်နေ့တွင်လည်း အလှူတော်မင်္ဂလာ ရေစက်ချတရားနာခြင်း၊ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ရှင်သာမဏေများအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ
https://t.me/MyanmarNationalPost


No comments:
Post a Comment