ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျူးကျော်စစ်ရန် တို့တွန်းလှန် (အပိုင်း - ၁)

 


ပြည်ထောင်စု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေးအတွက် ချစ်မြတ်နိုးစွာသော အသက်ကိုပင် စွန့်၍ ပြည်သူလူထု၏ အချစ်ကို ရယူသွားနိုင်ကြသော ယခင်(ရှေးတပ်တော်သား)တို့နှင့် ယခု မျက်မှောက်ခေတ် (တပ်မတော်သား)တို့အား ဂုဏ်ပြုလို၍ သမိုင်း ဖြစ်ရပ်မှန်နောက်ခံ ဤဇာတ်လမ်းကိုရေးဖွဲ့ပါသည်။ 

သမိုင်း ကိုးကားစာအုပ်များမှာ -

*=၁၉၇၈ အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း၊

 =၁၉၅၂ဦးဘသန်းကျောင်းသုံးမြန်မာရာဇဝင်နှင့် ဦးအောင်သိန်းဟန်မြန်မာနိုင်ငံသမိုင်းသစ်၊ 

^ =ဒေါက်တာတိုးလှ၏ အလောင်းမင်းတရားကြီး၏ ကုန်းဘောင်ရွှေပြည်၊

^^=ဦးဘဖေ B.A ပြုစု၁၉၅၂အလယ်တန်းမြန်မာ့သမိုင်းအကျဉ်း၊ ၁၉၇၈တတိယတန်းမြန်မာ့သမိုင်းနှင့်၁၉၉၂ နဝမတန်းမြန်မာ့သမိုင်းဖြစ်ပြီးမြေပုံများမှာ နဝမ တန်းသမိုင်းမှဖြစ်ပါသည်။

                                           (၁)

မြန်မာသက္ကရာဇ် ၁၁၂၇ ခု အလောင်းမင်းအတရားကြီး၏ ဒုတိယသားတော်မြေဒူးမင်း= ဆင်ဖြူရှင်မင်း နန်းတက်ပြီး ၂ နှစ်ကြာကာလမှာ မန်ချူးတရုတ်များ မြန်မာနိုင်ငံကိုထိပါး ကျူးကျော်လာသည်။ နေရာကား ရှမ်းပြည်နယ်၊ ကျိုင်းတုံရှေ့တန်းခံတပ်။ အင်အားများပြားလှသော မန်ချူးတရုတ်တို့၏ ထိုးစစ်ကို မြန်မာတပ်တော်တို့ လှေခွက်ချည်းကျန် အလံမလှဲစိတ်ဖြင့် တိုက်ပွဲဝင်နေကြသည်။

သည်ခံတပ်စခန်း၏ တနေရာကို ဗိုလ်မင်းသူရိန်ဦးစီးကာ ဆင်နွှဲနေသည်။ စစ်မြေပြင်မှာ ဓါးလှံတို့အရောင်က ဝင်းဝင်းလက်လက်၊ တတောလုံး တတောင်လုံးမှာ ဓါးသံ၊ လှံသံ၊ လေးသံ၊ မြှားသံ၊ သေနတ် မီးပေါက်သံတို့က လည်း ညံလျှက်။ ညာသံ၊ ချီသံ၊ လူသံ၊ မြင်းသံတို့လည်း မိုးယံသို့တက် လျှက်။ မြန်မာတို့မှာ အင်အားနည်းပါးသည့်အလျှောက် တသက်ကို တသက်ခြင်းမလဲနိုင်။ ကိုယ်ရှင်၍သူသေမှ အနိုင်ရမည်မို့ မတတ်သာလျှင် တသက်ကို နှစ်သက်ဖြင့် မြန်မာရဲမက် ၁ယောက်ကို တရုတ်စစ်သည် သုံးလေးယောက် လဲမှအနေတော်။

ဗိုလ်မင်းလေးကိုယ်တိုင် တရုတ်ခြောက်ကျိပ်ကျော် ဇီဝိန်ချွေပြီးပြီ။ အရုဏ်ဆွမ်းစားချိန်ကတည်းက နွှဲလိုက်ရသည့်ပွဲ။ နေပင်အတော်စောင်းနေပြီ။ တရုတ်တို့က မြန်မာခံစစ် ကျိုးပေါက်ဖို့ အားနှင့် အင်နှင့် အလုံးအရင်းဖိတိုက်သည်။ မြန်မာတို့ကလည်း (လွန်စွာကြီးမားသော ပိတုန်းများကို ပိုးပုရွက်တို့ သယ်ဆောင်ယူသကဲ့သို့ တဖက်ရန်သူ အင်အားကြီးမားသော်လည်း ရဲမက် စစ်သည်တို့က ညီညီညွတ်ညွတ် ရွတ်ရွတ်ချွံချွံတိုက်ခိုက်ကြသည်။)* ဒါကို ကဋိကဗျူဟာဟုခေါ်သည်။ တဖန် ပင့်ကူမှေးကဲ့သို့ ရဲမက်တို့ အယှက်ယှက် အထပ်ထပ် ပြုပြီး တရွေ့ရွေ့အစည်းအဝေး မပျက်ရအောင် လုံ့လပြု၍ တိုက်ရသည့် မာဍဗျူဟာကိုလည်း သုံးရသည်။ ကိုယ်တာဝန်ယူရသည့် အပိုင်းက မပေါက်မကျိုးရအောင် ရင်မြေကတုတ်လုပ်ကာ လူမျိုးအတွက် နိုင်ငံအတွက် ကိုယ့်မြေ ကိုယ့်ရေကို ကျူးကျော်လာသူများကို မြန်မာတပ်တို့ ရင်ဆိုင်ကြသည်။

ခံစစ်စည်းတနေရာမှ မြင်း ၂စီး ထိုးဖောက်လာသည်။ ဦးတည်ချက်က ဗိုလ်မင်းသူရိန်ထံ၊ ဒုန်းစိုင်းဝင်လာသည့် တရုတ် မြင်းသည် ၂ဦးကို ရုတ်ချည်းလေ့လာလိုက်သည်။ ရန်သူဘာလုပ်ချင်သည် ဘယ်လိုလုပ်ချင် သည် ဘာကြောင့်လုပ်ရသည်ကို ဗိုလ်မင်းသိလိုက်သည်။ ပွဲသိမ်းလိုသော ကြောင့် သူ့ကိုရှောင်တိမ်းခွင့်မပေးဘဲ မြင်း ၂စီးကြား ညှပ်တိုက်လိုသည့် သဘော။ ရန်သူ့ရည်ရွယ်ချက်ကို နားလည်လိုက်၍ သူ့အသက်ကို အမှု ထားလို့မဖြစ်တော့။ ဦးတည်လာနေသော မြင်း ၂စီးကို ရပ်ကာကြည့်သည်။ သူ့ကို အလယ်ထားကာ ဓါးကိုယ်စီလွှဲလာသည်။ ဝဲ-ယာ ရှောင်၍မရအောင် လွှားကာ ဒိုင်းကိုသုံးခွင့်မရအောင် ညှပ်ထားခြင်း။ ဗိုလ်မင်းက သူ့ဓားကို ဓားအိမ်မှာသွင်း ဒိုင်းကိုမြေမှာချသည်။ အသက်ကိုပြင်းပြင်းရှူကာ မြင်းများ အနားရောက်မှ ယာဘက်ကိုရွှေ့ပြီးအားထည့်ကာ ခုန်လိုက်သည်။ ပြန်အကျ မှာ ယာဘက်မှလာသော တရုတ်မြင်းသည်တော်၏နောက်မှ ပါသွားသည်။ တရုတ်ကိုချုပ်ကိုင်သည်။ တရုတ်ကခါချသည်။ မကြာ။ တရုတ် က ဇက်ကြိုးကိုလွှတ်လိုက်၍ ၂ဦးသား မြေပေါ်ကျသည်။

တရုတ်လက်မှာ ဓါးမရှိတော့။ တရုတ်စစ်သည်၏ မျက်နှာမှာ သေရွာမြန်းရမည်ကို စိုးရွံ့နေသည်။ လက်နက်မဲ့ တရုတ်စစ်သည်ကို ခုတ် ပိုင်းရန် ဗိုလ်မင်းအားနာနေသည်။ ထိုစဉ် အရှိန်လွန်သွားသော ဒုတိယ မြင်းသည်တော်က မြင်းကိုကွေ့ကာ ပြေးဝင်လာပြန်သည်။ ဗိုလ်မင်းသည် တရုတ်ကျဆုံးစစ်သည်အပေါ် လှံစိုက်မှောက်လျှက် အသက်စွန့်သွားသော မြန်မာရဲမက်၏လှံကို ဘယ်လက်နှင့်ဆွဲနှုတ်လိုက်ပြီး ပြေးဝင်လာသည့် တရုတ်မြင်းသည်တော်ထံ ပစ်လွှတ်လိုက်သည်။ တရုတ်စစ်သည်က မြင်းကို ပါးတပ်ရပ်စေလျှက် သူ့ကိုယ်သူကာကွယ်သည်။ မြင်းရင်ဝမှာ လှံသည် လှံရိုးတဝက်ထိ စူးနစ်သွားသည်။ မြင်းလည်းအလဲ လူလည်းအကျ။ သူ့အဆောင်အယောင်က ဗိုလ်မင်းထက် အဆင့်မြင့်သည်။ ဗိုလ်မင်းလှံနှုတ် ပစ်ချိန်မှာ လွင့်ကျပထမတရုတ်မြင်းသည်တော်က ကျဆုံးတရုတ်စစ်သည် တဦး၏ဓားကို ကောက်ယူခွင့်ရသွားသည်။ သူသည် ဒုတိယမြင်းသည်တော် ၏ ကိုယ်ရံတော်။

သည်ပွဲသည် တိုက်ပွဲ၏အဆုံးအဖြတ်ဟု ဗိုလ်မင်းနားလည်လိုက်သည်။ ကိုယ်ရံတော်စစ်သည်၏ ခုတ်ဓားကိုပက်မထုတ်ဘဲ ခံထားကာ သူ့ဓားကိုဝေ့ဝဲ မွှေ၍ တရုတ်ဓားကိုအဝေးသို့ လွင့်ထွက်သွားစေလိုက်သည်။ တရုတ်တပ်မှူးက ဝင်ရောက်ကူလာသည်။ သူ့ကိုယ်ရံတော်ကို (ထွေ့=tui) ဟုအော်လိုက်သည်။ ဗိုလ်မင်း ထိုစကားကိုနားလည်ပါသည်။  နောက်ဆုတ် နေဆိုသည့်သဘော။ တရုတ်တပ်မှူးကပင် တိုက်ပွဲကိုစဆင်သည်။ သူသည် ဗိုလ်မင်းကိုအထင်မသေးဝံ့။ ပညာကုန်သုံးကာ အားသွန်တိုက်သည်။ ကွမ်းတရာညက်သည်အထိ တိုက်ပွဲကမပြီး။ သူ့ကိုယ်ရံတော် ဝင်ကူ လာသည်။ တပ်မှူးမပြောတော့။ ကိုယ်ရံတော်သည် သူ့တပ်မှူးအတွက် တရုတ်တပ်အတွက် အသက်စွန့်ကာ ဇွတ်တိုးဇွတ်ဝင် ဇွတ်ကပ် ဇွတ်ခုတ် ဇွတ်ပူးသည်။

ဗိုလ်မင်းမှာ ၂ယောက် ၁ယောက်။ တိုက်စစ်မဆင်နိုင်။ ပက်။ ထုတ်။ ခုန်။ ရှောင်။ သူသည် တရုတ်ကိုယ်ရံတော်၏ ဓါးကို ခပ်ဆတ်ဆတ်ရိုက်ထုတ်၍ ဒုတိယအကြိမ် လွင့်ကျစေသည်။ သည်တခါတော့ ကိုယ်ရံတော်က နောက်မဆုတ်။ အသေခံကာပင် ပူးလုံးသည်။ ဝင်ပူးခွင့်ရလျှင် သူ့တပ်မှူးက ဗိုလ်မင်း၏အသက်ကို နှုတ်ယူရုံ။ သူ့အကြံကိုသိလိုက်၍ အနည်းငယ်မျှ တိမ်းကာ ရပ်လျှက် ကန်ထုတ်လိုက်သည်။ တရုတ်တပ်မှူးက ပူးမိပြီထင်၍ ဓါးကိုမြှောက်ချီလျှက် ဗိုလ်မင်းကို ခုတ်ပိုင်းရန် လေတွင်ခုန်ပျံဝဲလာသည်။ သူတို့၏ ပူးပေါင်းထောင်ချောက်မှာ မိပြီဟုထင်လိုက်သည်။

ဗိုလ်မင်းသူရိန် လျှပ်တပျက်မြင်လိုက်သည်။ တမဟုတ်ခြင်းလည်း အသိဝင်လာသည်။ သမိန်ဗရမ်းက ဂါမဏိကို တိုက်သည့်တိုက်ကွက်။ လေတွင်ခုန်လျက် လက်မြှောက်ချီလက်ဝင်လာသော တရုတ်၏ ဂျိုင်းစပ်။ သံချပ်ဟနေသည့်နေရာ။ ဆင်များ၏ လက်ကဲ့သို့အ ားနည်းချက်ရှိသည့် နေရာ။ ရုတ်ချည်းသတိရသည်နှင့် သူ့ဓါးကိုလေးညှို့မှလွှတ်သော မြှားနှယ် လျှပ်လက်သကဲ့သို့ပစ်လွှတ်လိုက်သည်။ သုံးပိဿာမျှလေးသည့် ဗိုလ်မင်း သူရိန်၏ ဓားသည် တရုတ်စစ်သည်၏ နံရိုးကြားကို တန်းတန်းမတ်မတ် ဝင်သွားသည်။ တရုတ်မှာ ရုပ်သေးကို ကြိုးဖြတ်ချလိုက်သည့်နှယ် တိုက်ဆင်ကြီးတကောင်ရှိ အမြင့်မှပြုတ်ကျလာသည်။ ဗိုလ်မင်းထံသို့ပင် မရောက်။

တရုတ်ကိုယ်ရံတော်သည် သူ့အရှင်၏ ပုံဆိုးပမ်းဆိုးသေသွားသည်ကို မြင်လိုက်ရသောအခါ (jun zhang sila=ကျွင်းကျန် ဆယ်လာ)ဟု သူ့နှုတ်မှ ကြောက်လန့်စွာ ထွက်ပေါ်လာသည်။ သူ့အသံကြောင့် တိုက်ပွဲဝင်တရုတ် စစ်သည်အချို့ သူတို့ခေါင်းဆောင်တပ်မှူး ကျဆုံးသည်ကို မြင်လိုက်ကြသည်။ ကိုယ်ရံတော်၏ (ခွိုက်ဖောင်(pao)ဟု နှုတ်ထွက်စကားကြောင့် တရုတ်စစ်သည်တို့ ကစဉ့်ကလျားထွက်ပြေးကြသည်။ ဗိုလ်မင်းသူရိန် အခြေအနေကို သုံးသပ်လိုက်သည်။ သူ၏ဓားသည် တရုတ်တပ်မင်း၏ နံကြား၌ ဓါးရိုးအထိစူးဝင်နေသည်။ ဆွဲနှုတ်မည်အပြု "မှန်ပါ လက်ဝဲဝင်းမှူး ကြီး နေမျိုးစည်သူ၏တပ်များ ဆုတ်ခွာတရုတ်တို့နောက်လိုက်နေကြောင်း သိရပါသည်ဘုရား" သွေးသောက် ကျော်စွာက လျှောက်တင်လာသည်။ "ကောင်းပြီ။ တို့တပ်တော်လည်း ပင်ပန်းနေကြပြီ ဒဏ်ရာရသူ အသက်ဆုံးသူ စာရင်းပြုစု။ ရန်သူသုံ့ပန်းနဲ့ ဒဏ်ရာရသူများကိုလည်း ကိုယ်နှင့်မခြား ထောက်ထားစောင့်ရှောက်။ ရန်သူဆုတ်ခွာသွားပေမယ့် အစောင့်အကြပ် မလစ် ဟင်းစေနှင့်။  မောင်မင်းတို့နာခံဖူးသည့် အမိန့်ထုတ်ပြန်ချက်ဖြစ်တဲ့  (အရေးတော်ရသည် ဟူ၍ အသွားအလာအအိပ်အနေ ပေါ့ပေါ့လျော့လျော့ အကွဲကွဲအပြားပြား မသွားမလာစေနှင့်။ လက်နက်တော် ဘဏ္ဍာတော်များကိုလည်း မကြွင်းမကျန်စေရ။ စေ့ငုစင်ကြယ်အောင်သိမ်း။ တဲနန်းတော်မှာလည်း မြေမိုးသန့်ရှင်းရာ ရေမြက်အနီးအစပ်တွင် လွင်ပြင်ကျယ်ရာ ခင်းကျင်း သာအောင် ဆောက်လုပ်ရမည်။ အကွဲကွဲအပြားပြား ၁၀၊၂၀၊ ၃၀ တောင်တောင် မြောက်မြောက်မရှိစေနှင့် မသွားမလာစေနှင့် စည်စည်းဝေးဝေး သတိ ကတိနှင့် နေရမည် ဆိုသည်ကို ဦးထိပ်ပန်ရွက်ကြ)" * 

"မှန်ပါ ထုတ်ပြန်သည့်အမိန့်အတိုင်း ဦးလည်မသုန် ဆောင်ရွက် ပါမည်ဘုရား"

ဗိုလ်မင်းသူရိန်သည် တရုတ်စစ်သူကြီး နံကြားစိုက်နေသော သူ၏ဓားကို ဆွဲနှုတ်လိုက်သည်။ 

ကတွတ်ပေါက်မှာရေများ ကျလာသည့်နှယ် ဓားနှုတ်လိုက်သည့်အပေါက်မှ သွေးတို့ ဒလဟောစီးကျလာသည်။ 

ဟိုး အနောက်တောင်စွယ်မှာ နေကွယ်တော့မည်။


(ဆက်လက်ဖော်ပြပါမည်။)

ကိုဌေး (နတ်မောက်)

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)