ပန်းတောင်းမြို့နယ်တွင် သမိုင်းဝင်ပေါ်တော်မူ(ရှင်ဖြူ)မြတ်စွာဘုရားကြီး၏ ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်တော်မူသော နဂါးရုံဘုရား အထက်ဋ္ဌာပနာတော်သွင်းမင်္ဂလာ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် သမိုင်းဝင်ပေါ်တော်မူ(ရှင်ဖြူ)မြတ်စွာဘုရားကြီး၏ ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်တော်မူသော နဂါးရုံဘုရား အထက်ဋ္ဌာပနာတော်သွင်းမင်္ဂလာ အခမ်းအနားကျင်းပ




ပန်းတောင်း ဧပြီ ၈


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ နံနက် (၇:၃၀) အချိန်က သမိုင်းဝင်ပေါ်တော်မူ (ရှင်ဖြူ) မြတ်စွာဘုရားကြီး ပရိဝုဏ်သီရိမင်္ဂလာကန်တော်အတွင်း တည်ထားကိုးကွယ်တော်မူသော နဂါးရုံဘုရား အထက်ဋ္ဌာပနာတော်သွင်းမဟာမင်္ဂလာ အခမ်းအနားကို အဆိုပါပေါ်တော်မူ (ရှင်ဖြူ) မြတ်စွာဘုရားကြီး အာရုံခံတန်ဆောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ထုံးဘိုမြို့ ကိုးဆောင်ကျောင်းတိုက် ဦးစီးပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စ မဟာထေရ်မြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ပေါ်တော်မူ (ရှင်ဖြူ) ဂေါပကအဖွဲ့ ဥပါသကာ (၃) ဦးတို့မှ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည် တို့ကိုယူဆောင်၍ နဂါးရုံဘုရားရင်ပြင်တွင် လက်ယာရစ်ပက်ဖျန်းချည်နှောင်တာဆီးကာရံခြင်း၊ မူလဌာပနာများ၊ သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများအား သံဃာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ်ခြင်း၊ သံဃာ​​​​တော်အရှင်သူမြတ်တို့မှ မူလဌာပနာများအား ပရိတ်နံ့သာရေဖြင့် ပက်ဖြန်းပူဇော်ခြင်းဆောင်ရွက်ခဲ့ပြီး ရေစက်ချအနုမောဒနာတရားနာယူကြည်ညိုခဲ့ကြသည်။


ထို့နောက် မူလဋ္ဌာပနာပစ္စည်းများအား လက်ယာရစ်လှည့်လည်ကာ နဂါးရုံဘုရားရှိရာသို့ ပင့်ဆောင်ကာအစီအစဥ်အတိုင်း ထည့်သွင်းပူဇော်ခဲ့ကြပြီး ဒီပါအေးဗောဓိတစ်ထောင်ဆရာတော် “မဟာသဒ္ဓမ္မဇောတိကဒဇ” ဘဒ္ဒန္တဝိမလ ဦးဆောင်၍ အကြီးအကဲများနှင့်အလှူရှင်ကြီးများက ဋ္ဌာပနာတိုက်အဖုံးပိတ်၍ ပရိတ်နံ့သာရေဖြင့်ပက်ဖျန်းပူဇော်ခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃) ကြိမ်ရွတ်ဆိုဆုတောင်းကာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


လပြည့်လင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)