နေပြည်တော်၊ ဧပြီ ၂၉
အာဆီယံစီးပွားရေးအသိုက်အဝန်း(ASEAN Economic Community-AEC)၂၀၂၅၏ လုပ်ငန်း ကော်မတီများတွင်ပါဝင်သည့် စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာလုပ်ငန်းကော်မတီ၏ ၁/၂၀၂၄ ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၆ ရက်မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် မျှော်မှန်းချက်၊ မဟာဗျူဟာအစီအစဉ် (၂၀၂၁−၂၀၂၆)နှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (၂၀၂၅) တွင်ပါရှိသော လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တန်းတူပါဝင် ဆောင်ရွက်လျက်ရှိသည့်အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကြုံတွေ့ရသည့်အခက်အခဲ၊ စိန်ခေါ်မှု ရရှိခဲ့သည့်အကျိုးကျေးဇူးများကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို သတ်မှတ်နိုင်ရေးအတွက် ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်း အဝေးများကို ၂၀၀၄ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပြီး အစည်းအဝေးများ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တတိယအကြိမ် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးအတွက် လက်တွေ့ဖော်ဆောင်နိုင်ပြီး မှတ်ကျောက်တွင် ကျန်ရစ်စေမည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများရေးဆွဲတင်ပြနိုင်ရေး ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးက အာဆီယံစီပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ၏ ပါဝင်ဆောင်ရွက်ရသော အခန်းကဏ္ဍ၊ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ၏ မျှော်မှန်းချက်၊ ပန်းတိုင်နှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဆောင်ရွက်ချက်များ၊ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်ရမည့် (၄၆) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့်လုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များမှ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများ၊ ကြုံတွေ့ရသည့် အခက်အခဲနှင့်စိန်ခေါ်မှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်သင့်သော လုပ်ငန်းများကို တင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ပြန်လည်သုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားကြောင်း သိရသည်။
#News
No comments:
Post a Comment