သီပေါ ၊ ဧပြီ ၂၈
သီးနှံများစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်များရရှိစေရန်၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန်၊ ဒေသတွင်း စားသုံးဆီဖူလုံနိုင်စေရန်၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းခေးကျေးရွာအုပ်စု ဘုန်းကြီးကျောင်းတွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက စပါးစိုက်ပျိုးခြင်းအပြင် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်း စားသုံးဆီဖူလုံနိုင်မည်ဖြစ်ကြောင်း၊ နေကြာအား သီးသန့်စိုက်ပျိုးခြင်းသာမက သီးထပ်၊ သီးညှပ်ပါစိုက်ပျိုးနိုင်သည့်အတွက် စိုက်ပျိုးရန် အထူးသင့်တော်သည့် ဆီထွက်သီးနှံဖြစ်ကြောင်း၊ အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သည့် သီးနှံဖြစ်ကြောင်း၊ မိုးစပါးအထွက်နှုန်း တိုးတက်စေရန် တောင်သူများအနေဖြင့် အထူးအလေးထား စိုက်ပျိုးသင့်ကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ စပါးအထွက်နှုန်းတိုးတက်ရေးအတွက်စိုက်နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်သုံးစွဲရေး၊ ဆီထွက်နှုန်းပိုမိုတိုးတက်စေရေးအတွက် စိုက်ပျိုးနည်းစနစ်များကို ပညာပေးဆွေးနွေးခဲ့ကြောင်း၊ တောင်သူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ တာဝန်ရှိသူများက အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment