နေပြည်တော်၊ ဧပြီ ၃
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများမိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင်နိုင်ငံတော်၏ တာဝန်များကိုစွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန် မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဌာနဆိုင်ရာများအလိုက် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက် လေ့ကျင့်လျက်ရှိသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော် လမ်းလျှောက်သင်္ကြန်တို့တွင် သင်္ကြန်အကအလှများဖြင့် ဖျော်ဖြေရန်အတွက် ယမန်နေ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လေ့ကျင့်ရေး ကဇာတ်ရုံ၌ယိမ်းအဖွဲ့များ ဇာတ်တိုက်လေ့ကျင့်နေမှုကို ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများတက်ရောက်ကြည့်ရှုအားပေးကြသည်။
ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်တွင် “ကဲကြမယ် ဒီရေပွဲ” တေးသီချင်းဖြင့်လည်းကောင်း၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် “တစ်နှစ်နွမ်း တစ်နှစ်ဆန်း”နှင့် “နွေဦးကဗျာ” တေးသီချင်းများဖြင့်လည်းကောင်း ပါဝင်ကပြဖျော်ဖြေ သွားကြမည်ဖြစ်ကြောင်း သိရသည်။
#News
No comments:
Post a Comment