နေပြည်တော်၊ ဧပြီ ၂
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ၃၁-၃-၂၀၂၄ရက်နေ့က မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ လေးထောင့်ပုံ သံမဏိချောင်း ထုတ်လုပ်ခဲ့မှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ သံမဏိများအား လျာထားချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း သံမဏိချောင်းများ လျာထားချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ ကောင်းမွန်ရန်လိုအပ်၍ သံရည်ကျိုအလုပ်ရုံနှင့် အထောက်အကူပြုအလုပ်ရုံတို့ရှိ စက်ပစ္စည်းကိရိယာများအား စဉ်ဆက်မပြတ် စစ်ဆေးပြုပြင်ရန်၊ ထို့ပြင် စက်အရန်ပစ္စည်းများနှင့် ကုန်ကြမ်းများကိုလည်း လိုအပ်ချိန်တွင် အဆင်သင့်အသုံးပြုနိုင်ရေးအတွက် ကြိုတင်ဝယ်ယူထားရန်၊ သံမဏိချောင်းများ လျာထားချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ရန်၊ ဝန်ထမ်းများ သံမဏိထုတ်လုပ်သည့် နည်းစဉ်များကိုလည်း လုပ်ငန်းခွင်မပြတ် လေ့ကျင့်သင်ကြားပေးရန်၊ သံရည်ကျိုမီးဖိုများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ဖြည့်စွက်အစာများ ကျွေးမွေးသွားရန်၊ စက်ရုံ၊ စက်ပစ္စည်း၊ ဝန်ထမ်း၊ စာရွက်စာတမ်း၊ သတင်းလုံခြုံမှု ရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရန်၊ တွေ့ကြုံရမည့် အခက်အခဲများကို စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ရန်၊ စီမံကိန်းအဆင့် (၂) နှင့် စီမံကိန်းအဆင့် (၂-က) တို့ရှိ စက်တပ်ဆင်ခြင်း လုပ်ငန်းများကိုလည်း သတ်မှတ်အချိန်ဇယားများအတိုင်း ပြီးစီးအောင်ဆောင်ရွက် နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်၊ ပူပြင်းခြောက်သွေ့သော ရာသီဥတုသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ရေးဆွဲထားရှိသည့် မီးဘေးအန္တရာယ် ကာကွယ်ရေး စီမံချက်အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန်နှင့် မီးငြှိမ်းသတ်ရေး အထောက်အကူပြု ပစ္စည်းများကို ပြည့်စုံအောင်ဖြည့်ဆည်းထားရန် မှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် သံမဏိချောင်းများ ထုတ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#News
No comments:
Post a Comment