ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ဘားအံ၊ ဧပြီ ၃၀

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် ဆောင်ရွက်ရာတွင် ဆန်စပါးသည်အဓိကကျပြီး စိုက်ပျိုးရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် ထိထိရောက်ရောက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ နွေ၊ မိုး၊ ဆောင်း ရာသီမရွေးစိုက်ပျိုးနိုင်ရန် မျိုး၊ ရေ၊ မြေ၊ နည်းစနစ် မှန်ကန်ဖို့လိုပြီး ရာသီဥတုနှင့်အညီ စိုက်ပျိုးနိုင်ရန် တောင်သူများနှင့်တွေ့ဆုံ၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် လိုကြောင်း၊ ပြည်နယ်အတွင်း မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးနှင့် တစ်ဧကရည်မှန်းချက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် ဆောင်ရွက်ဖို့လိုကြောင်း၊ လိုအပ်သည့်မြေဩဇာများ စုဆောင်းထားရှိရန်နှင့် စက်ယန္တရားများ လုံလုံလောက်လောက်အသုံးပြုနိုင်ရန် ကြိုတင်စီမံဆောင်ရွက်ထားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သက်ဆိုင်ရာတတ်သိပညာရှင်များက တောင်သူပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ကွင်းဆင်းဆောင်ရွက်ရန်၊ စိုက်ပျိုးရေရရှိရေး နည်းလမ်းများပူးပေါင်းဆောင်ရွက်နိုင်ရန်၊ သဘာဝမြေဩဇာများနှင့်ဓာတ်မြေဩဇာများ အချိုးကျရောစပ်၍ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရန် တင်ပြဆွေးနွေးကြသည်။

ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကရင်ပြည်နယ်၏ နွေစပါး၊ မိုးစပါးနှင့် အခြားသီးနှံများစိုက်ပျိုးထွက်ရှိမှုအခြေအနေနှင့် ယခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်ရန်လျာထားမှုအခြေအနေ၊ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးနိုင်မှုအခြေအနေ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများ၊ သီးနှံစိုက်စွမ်းအားနှင့်ဖူလုံမှုအခြေအနေ၊ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ကောက်ခံနိုင်ရေးနှင့် ပြေကြေသူများအား ချေးငွေများပြန်လည်ထုတ်ချေးပေးနိုင်ရေး၊ ရေရရှိရေးနည်းလမ်းများကို တင်ပြဆွေးနွေးကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် သီးထပ်စိုက်စွမ်းအားတိုးတက်စိုက်ပျိုးမှုအခြေအနေ၊ အရေးကြီးသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ ဆည်မြောင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ နှစ်အလိုက် ဆန်၊ ဆီ၊ ပဲ ဖူလုံမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ အခြေခံပညာကျောင်းများတွင် အထက်တန်းပြဆရာ/ဆရာမများ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ဆရာအတတ်ပညာလက်မှတ်မရရှိသေးသည့် ဆရာ၊ဆရာမများ ဆရာအတတ်ပညာသင်တန်းဆင်းလက်မှတ်ရရှိစေရန် ဧပြီလ ၂၉ ရက်နေ့ နံနက် ၈ နာရီက ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ပညာရေးဘွဲ့ B.Ed(၃/၂၃) ဒုတိယနှစ်(စာပေးစာယူ)သင်တန်းနှင့် ပုဂ္ဂလိကဆရာအတတ်ပညာသင်တန်းကို ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ဆရာ၊ဆရာမများအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် သင်ကြားရေးနည်းစနစ်များကို တတ်သိနားလည်ကြရန် ပြန်လည်လက်ဆင့်ကမ်းသင်ကြားပို့ချနိုင်ကြရန် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ ချမှတ်ထားသည့်နည်းဥပဒေအတိုင်း လိုက်နာကျင့်သုံးနေထိုင်သွားကြရန်၊ သင်တန်းကာလကို ပြီးမြောက်အောင်မြင်အောင် ကြိုးစားအားထုတ်ကြရန်၊ မိမိတာဝန်ကျရာ ဒေသသို့ပြန်ရောက်သည့်အခါတွင်လည်း မိမိတို့၏တပည့်များကို အားကစားနှင့်စာရိတ္ထမဏ္ဍိုင်ဖွံ့ဖြိုးသော တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးတတ်သော၊ ဂါရဝတရားကိုင်းရှိုင်းတတ်သော နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးက သင်တန်းသား၊ သင်တန်းသူတစ်ဦးလျှင် ငွေကျပ် ၂၀၀၀ဝိ/-(နှစ်သောင်း) နှုန်းဖြင့် (၂၉၀)ဦးအတွက် စုစုပေါင်းငွေကျပ် ၅၈၀၀၀၀ဝိ/-(ငါးဆယ်ရှစ်သိန်း)ကို ကျောင်းအုပ်ကြီးနှင့်သင်တန်းသား၊ သင်တန်းသူများထံ ထောက်ပံ့ပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ ကရင်ပြည်နယ်အတွင်းရှိ B.Ed (ဒုတိယနှစ်)သင်တန်းသား ဆရာ၊ဆရာမ စုစုပေါင်း(၂၉၀)ဦး တက်ရောက်ပြီး ပုဂ္ဂလိကကျောင်းမှ ဆရာ၊ ဆရာမဦးရေ(၁၅)ဦး တက်ရောက်ကြကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)