မအူပင် ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ထနီးကျေးရွာတွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ထနီး ဆရာတော် ဘဒ္ဒန္တနန္ဒမာလာမထေရ်မြတ်ကြီး၏ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဧပြီလ ၇ ရက်နေ့ မွန်းလွဲ (၁)နာရီက ထနီးကျေးရွာ ဘုရားကြီးကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး အခမ်းအနားဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသူရိယဝံသမှ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ် ရရှိတော်မူသော ဆရာတော်ကြီး၏ ထေရုပတ္တိကို ဖတ်ကြားသည်။ ဆက်လက်၍ နိုင်ငံတော်အစိုးရမှ ဆက်ကပ်သော ဘွဲ့တံဆိပ်တော်လက်မှတ်အား နိုင်ငံတော်ကိုယ်စား မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ဇနီးမှလည်းကောင်း၊ ဘွဲ့တံဆိပ်အောင်လံတော်ကို နိုင်ငံတော်ကိုယ်စား မအူပင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှလည်းကောင်း၊ ဘွဲ့တံဆိပ်တုံးသေတ္တာကို နိုင်ငံတော်ကိုယ်စား ဗိုလ်မှူး(ငြိမ်း) ဦးသိန်းဝင်းနှင့် ဇနီးတို့မှလည်းကောင်း၊ ထီးဖြူတော်ကို နိုင်ငံတော်ကိုယ်စား သီဟသုဓမ္မမဏိဇောတဓရ ဦးအောင်သိန်းစိန်နှင့် ဇနီးတို့မှလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် တေးသံရှင်မြကေခိုင်က ဗိုလ်တစ်ထောင်ပိုင်စိုး ရေးသား ပူဇော်သော ရတုပိုဒ်စုံအားလည်းကောင်း၊ အခမ်းအနားဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ ကဝိစိန္တာမှ မဟာဓမ္မာစရိယ ဦးထိန်ဝင်းအောင် ရေးသားပူဇော်သော ဂုဏဝိသိဋ္ဌ ပူဇာပတ္ထနာဂါထာများကိုလည်းကောင်း၊ တေးသံရှင်ဆုမြတ်ထက်က ဘဒ္ဒန္တတေဇောဘာသ (မတ္တရာ၊ ရန်ကုန်)မှရေးသား ပူဇော်သော (၈၀)ပေါ် တေးထပ်ကိုလည်းကောင်း ဖတ်ကြားသီဆိုပူဇော်ပြီး တပည့် ဒါယကာ၊ ဒါယိကာမများက လှူဖွယ်ဝတ္ထုအစုစုကို ဆရာတော်ကြီးရှေ့မှောက်တွင် ကပ်လှူပူဇော်ခဲ့ ကြရာ ဆရာတော်ကြီးမှ သမ္မောဒနီယကထာ မိန့်ကြားတော်မူပြီး ရေစက်သွန်းချအမျှအတန်းပေးဝေ ခဲ့ကြသည်။
အဆိုပါ ထပ်ဆင့်ပူဇော်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တပည့်ဒါယကာ၊ ဒါယိကာမများ တက်ရောက်ပူဇော်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်
https://t.me/MyanmarNationalPost
No comments:
Post a Comment