မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်ကျောက်ဆည်ခရိုင်အတွင်း ဘိလပ်မြေစက်ရုံ၊ စိုက်ပျိုးရေးသုတေသနခြံ၊ PUCCI Cake စက်ရုံ၊ ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ နေရာများသို့ သွားရောက်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်ကျောက်ဆည်ခရိုင်အတွင်း ဘိလပ်မြေစက်ရုံ၊ စိုက်ပျိုးရေးသုတေသနခြံ၊ PUCCI Cake စက်ရုံ၊ ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ နေရာများသို့ သွားရောက်ကြည့်ရှု

 



စဉ့်ကိုင် ဧပြီ ၆


မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ လိုက်ပါပြီးကျောက်ဆည်ခရိုင် အတွင်းရှိ Alpha ဘိလပ်မြေစက်ရုံ၊ စိုက်ပျိုးရေးသုတေသနခြံ၊ PUCCI Cake စက်ရုံ၊ ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ နေရာများသို့ ဧပြီ ၄ ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ် ကုလားကျောင်းကျေးရွာအုပ်စု၊ ကုလားကျောင်းကျေးရွာရှိ Alpha ဘိလပ်မြေစက်ရုံသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား စက်ရုံမှတာဝန်ရှိသူများက စက်ရုံသမိုင်းကြောင်း၊ ကျောက်မီးသွေးလျှစ်စစ်စွမ်းအားဖြင့် စက်ရုံလည်ပတ်နေမှုအခြေအနေ၊ ကြုံတွေ့ခဲ့ရသည့် အခြေအနေများ၊ ထုတ်လုပ်မှုနည်းစဉ်အဆင့်ဆင့်နှင့် ဈေးကွက်အနေအထားတို့အား ရှင်းလင်းတင်ပြသည်။


၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့် ဘိလပ်မြေနှင့် သံချောင်းများ ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေး၊ စက်ရုံများစွမ်းအား ပြည့်လည်ပတ်နိုင်ရေးနိုင်ငံတော်က မူဝါဒများချမှတ်ပြီး အလေးထားကာ ပံ့ပိုးဖြည်းဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ စက်ရုံများစွမ်းအားပြည့် ပုံမှန်လည်ပတ်ပြီး ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး၊ စက်ရုံများဖွံ့ဖြိုး တိုးတက်ရေး၊ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ပိုမိုတိုးတက်ရေးအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဟန်ချက်ညီစွာဖြင့် ကြိုးစားဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးသည်လည်း အရေးကြီးပါကြောင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများလည်ပတ်ရာတွင် ကြုံတွေ့နေရသည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့သည်။


၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည်မြို့ မင်းရပ်ရပ်ကွက်ရှိ စိုက်ပျိုးရေးသုတေသဦးစီးဌာန၊ စပါးသီးနှံသုတေသနဌာနခွဲ၊ စိုက်ပျိုးရေးသုတေသနခြံသို့ ရောက်ရှိပြီး ခြံတာဝန်ခံက သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်က စားနပ်ရိက္ခာဖူလုံရေးအတွက် ဆောင်ရွက်ရာတွင် စပါးအပါအဝင် အဓိကသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး အလေးထားဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းနယ်ပယ်တိုင်းတွင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနများကို စဉ်ဆက်မပြတ်ပြုလုပ်နေခြင်းဖြင့် အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများ ရရှိလာနိုင်ဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး မျိုးကောင်းမျိုးသန့်မျိုးများ လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး သုတေသနလုပ်ငန်းများ၏ အခန်းကဏ္ဍသည် အလွန်အရေး ကြီးပါကြောင်း၊ သုတေသနများမှဖော်ထုတ်၊ ပြုလုပ်ရရှိသောမျိုးများနှင့် နည်းပညာများကို စိုက်ပျိုးသူများအား ကျယ်ပြန့်ထိရောက်စွာ အသုံးပြုနိုင်ရေးနည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ သီးထပ်စွမ်းအားတိုးချဲ့၍ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်းများကို ပိုမိုလုပ်ဆောင်သွားရေး တို့ကိုပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေး၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုအားလိုက် လံကြည့်ရှုခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စဉ့်ကိုင်မြို့နယ်၊ ရွာဟောင်းကုန်းကျေးရွာရှိ PUCCI Cake စက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ခံက စက်ရုံလည်ပတ်နေမှုနှင့် ဈေးကွက်အတွင်း ဖြန့်ချိနေမှုတို့အား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား စက်ရုံအတွင်း လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုအဆင့်ဆင့်အား လိုက်ပါရှင်းလင်းပြသသည်။


၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပလိပ်ကျေးရွာရှိ ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ခံက စက်ရုံ၏သမိုင်းကြောင်းနှင့် ကုန်ထုတ်လုပ်မှုနည်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်ကဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံအတွက်လိုအပ်နေသည့် ထုတ်ကုန်များကို အပြည့်အဝထုတ်လုပ်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းများ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနေပါကြောင်း၊ ဝါကုန်ကြမ်းမှ အဆင့်မီအထည်အလိပ်များ လုံလောက်စွာ ထုတ်လုပ်နိုင်ပါက ပြည်ပမှ ချည်ထည်များတင်သွင်းနေရမှုကို လျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကို လျော့ကျစေမည်ဖြစ်ပါကြောင်း၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများနှင့်အညီအောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)