ရန်ကုန်၊ မေ ၁
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီတော်နှင့်အရံစေတီ( ၂၄)ဆူ ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း မဟာကုသိုလ်တော်အောင်ပွဲအထိမ်းအမှတ် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချအနုမောဒနာမင်္ဂလာခမ်းအနားကို ယမန်နေ့ က သက်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာရွှေတိဂုံစေတီတော် ထီးတော်ရုံတန်ဆောင်း၌ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နောင်တော်ကြီးစေတီတော်နှင့်အရံစေတီ(၂၄)ဆူအားဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းအခမ်းအနားကို နောင်တော်ကြီးစေတီအထက်ပစ္စယံ၌ ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တကဉ္စနအမှူးပြုသည့် ဆရာတော်၊ သံဃာတော်(၁၀၈)ပါးက ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ကြသည်။
ယင်းနောက် ရေစက်ချအနုမောဒနာမင်္ဂလာအခမ်းအနားကိုချမ်းသာကြီးတန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ သာသနာ့ဓဇဓမ္မာစရိယဘဒ္ဒန္တကဉ္စနထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးသောင်းဝင်းက ဇယမင်္ဂလာအနုမောဒနာစာတမ်းလွှာကို ဖတ်ကြား လျှောက်ထားသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များရွတ်ပွားသရဇ္ဈာယ်သည့် ပရိတ်တရားတော်များ နာကြားကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဂေါပကအဖွဲ့ဝင်များက သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဂုဏာလင်္ကာရထံမှလှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ နောင်တော်ကြီးစေတီနှင့် အရံစေတီ ၂၄ ဆူအား ရွှေသင်္ကန်းတော်ကပ်လှူခြင်းလုပ်ငန်းကို ၂၀၂၃ခုနှစ် နိုဝင်ဘာလက စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလတွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment