ထုတ်လုပ်သည့် စက်ကိရိယာများကို အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်ရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထုတ်လုပ်သည့် စက်ကိရိယာများကို အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်ရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မှာကြား


နေပြည်တော်၊ မေ ၂၀

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ကက နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် ကြဲပက်စိုက်ပျိုးခြင်း နည်းစနစ်ပပျောက်ရေး၊ ခေတ်မီစိုက်ပျိုး နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁) အလတ်စားလယ်ယာသုံး စက်ကိရိယာပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေးအလုပ်ရုံ၌ ထွန်စက်ဖြင့်တွဲဖက်၍ အခြောက်ထယ်ရေး စပါးအစေ့ချကိရိယာများ ထုတ်လုပ်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်ဖြင့်တွဲဖက်၍ အခြောက်ထယ်ရေးစပါးအစေ့ချကိရိယာ သရုပ်ပြသခြင်းနှင့် အလုပ်ရုံအတွင်းရှိ လယ်ယာသုံးစက်ကိရိယာများကို လှည့်လည်ကြည့်ရှုအားပေးရာ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးဦးနိုင်ဦးက စပါးအစေ့ချကိရိယာ ထုတ်လုပ်နေမှုနှင့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်နေမှုကိုရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်းရှိ မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧကများကိုရာနှုန်းပြည့် အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေး၊ ထုတ်လုပ်သည့် စက်ကိရိယာများကို အရည်အသွေးကောင်းမွန်စွာဖြင့် ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိအသေးစားနှင့်အလတ်စား စက်မှုဇုန်အတွင်းရှိ P.P.E.G Construction Co.,Ltd မှ စပါးအစေ့ချ ကိရိယာများနှင့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်တပ်ဆင်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် အသေးစားနှင့်အလတ်စား စက်မှုဇုန်အတွင်းနှင့် ဒက္ခိဏသီရိ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံး အဆောက်အအုံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက်အတွင်းရှိ ဘဝအလင်းတန်းစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့်စာအုပ်များကို ပေးအပ်လှူဒါန်းကာ စာကြည့်တိုက်တွင် ပြည်သူများ စာပေဖတ်ရှု လေ့လာနိုင်ရေး၊ သုတ၊ ရသ စာအုပ်စာစောင်များ စုံလင်စွာထားရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)