တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေနွေးပွဲ (၃/၂၀၂၄) ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေနွေးပွဲ (၃/၂၀၂၄) ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်



ထားဝယ်  ၊  မေ  ၂၅


တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေနွေးပွဲ (၃/၂၀၂၄) ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာနိုင်ငံသည် မတူကွဲပြားသော ယဉ်ကျေးမှုနှင့် လူမျိုးစုများနေထိုင်ရာနိုင်ငံဖြစ်ပြီး လူမျိုးစုပေါင်း (၁၃၅) မျိုးခန့် နေထိုင်ကြကြောင်း၊ လူမျိုးစုတစ်ခုချင်းစီတွင် ကိုယ်ပိုင်ဘာသာ စကားများရှိကြကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကွဲပြားစုံလင်သော တိုင်းရင်းသားလူမျိုးစုများ၏ အထင်ကရနေရာများ၊ ယဉ်ကျေးမှုများနှင့် ဓလေ့ ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ သုတေသနပြုရန်၊ မူဝါဒများချမှတ်ရန် ကတိကဝတ်ပြုထားကြောင်း၊ မိမိတို့၏ဘာသာစကားကို မကာကွယ်မစောင့်ရှောက်နိုင်ပါက ဘာသာစကား ပျောက်ကွယ် သွားနိုင်ပြီးလူမျိုးပါပျောက်ကွယ်နိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သင်ကြားရေးအထောက်အကူပြုနှင့် တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ ဆရာမများ ခန့်အပ် တာဝန်ပေးခြင်းမှာ တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့်ဘာသာကို ထိန်းသိမ်းဆောင်ရွက်ကြရန်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစကား (၇၂) မျိုးဖြင့် သင်ကြား ပေးလျက်ရှိကြောင်း၊ Teaching Assistance (TA) နှင့် Language Teacher (LT) ဆရာ၊ ဆရာမများ ခန့်ထားခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး သင်ကြားရေးအထောက်အကူပြု Teaching Assistance (TA)ခန့်ထားပေးခြင်းဖြင့် တိုင်းရင်းသားဘာသာ စာပေသင်ကြားရေးတွင် မိခင်ဘာသာစကား တစ်ခုတည်းကိုသာ တတ်မြောက်သည့် ကလေးများ အတွက် ပညာသင်ကြားရာ၌ များစွာအထောက်အကူပြုစေကြောင်း၊ သင်ကြားရေးထောက်အကူပြုနှင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့် လုပ်ငန်း ဆွေးနွေးပွဲကျင်းပပေးခြင်းအားဖြင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများသည် မိမိပတ်ဝန်းကျင်တွင် အကောင်းမြင်သဘောထားများဖြင့် အများနှင့် အတူတကွ နေထိုင်ကြရသည့် အခါကိုယ်ကျင့်တရားကောင်းမွန်ပြီး နိုင်ငံကြီးသားပီသလာခြင်း၊ မိမိတို့၏ရိုးရာယဉ်ကျေးမှုကို တန်ဖိုး ထားထိန်းသိမ်းတတ်လာခြင်း၊ သဘာဝပတ်ဝန်းကျင် ကိုထိခိုက်ပျက်စီးစေနိုင်သော အပြုအမူများနှင့် အကျိုးဆက်များကို သိရှိနားလည်ခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း၊ ဘေးအန္တရာယ်မဖြစ်မီ၊ ဖြစ်နေစဉ်၊ ဖြစ်ပြီးအချိန်ကာလများတွင် သင့်လျော်စွာနေထိုင်တတ်ခြင်း၊ ကျန်းမာစွာ နေထိုင်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာပြီး ကျန်းမာသန်စွမ်းသော လူတော်လူကောင်းများဖြစ်လာနိုင်မှာဖြစ်ကြောင်း၊ ဆွေးနွေးပွဲကာလအတွင်း တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအနေဖြင့် ဆွေးနွေးပို့ချသည့် ဘာသာရပ်များကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့သင်ယူကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းရင်းသား/သူများနှင့် သင်တန်းသား/သူများက ရခိုင်အက၊ ဗိုလ်ရှုသဘင်၊ မြမန်းဂီရိ၊ ယောသူတို့ရွာ၊ ထာဝရသစ္စာ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်ပညာရေးကောလိပ်နှင့် ဖျော်ဖြေရေးအဖွဲ့များအား ငွေကျပ် (၁၀)သိန်းအားချီးမြှင့်ပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်က  ဆရာ/မများနှင့် တိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)