မလှိုင်မြို့နယ်၌ မိုးသက်လေပြင်းကျ၍ ပျက်စီးခဲ့သည့် လေဘေးသင့် နေအိမ်များအား ထောက်ပံ့ငွေများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့နယ်၌ မိုးသက်လေပြင်းကျ၍ ပျက်စီးခဲ့သည့် လေဘေးသင့် နေအိမ်များအား ထောက်ပံ့ငွေများ ပေးအပ်




မလှိုင်  ၊ မေ  ၃၀


မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မေလ(၁၉)ရက်နေ့ ည(၁၁)နာရီ(၃၅)မိနစ်အချိန်တွင် မိုးသက်လေပြင်းကျရောက်ခဲ့၍ ယာကြီးကုန်းကျေးရွာအုပ်စုရှိ သြဇာခြံကျေးရွာမှ လူနေအိမ်(၁၃)လုံး၊ လျှော်ကန်ကျေးရွာမှ နေအိမ်(၁)လုံးနှင့် ဘုန်းတော်ကြီးကျောင်း၊ သံဃာနားနေဆောင်(၁)ခုတို့ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “ဇေယျာအောင်သံ” အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ပေးအပ်ပွဲတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်အနေဖြင့် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် နိုင်ငံတော်အစိုးရက အသိအမှတ်ပြုအလေးထား၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဆုဝေမိုးတို့က မိုးသက်လေပြင်း ကျရောက်ခဲ့၍ ပျက်စီးခဲ့သည့် ယာကြီးကုန်းကျေးရွာအုပ်စု၊ သြဇာခြံကျေးရွာနှင့် လျှော်ကန်ကျေးရွာတို့မှ လေဘေးသင့်အိမ်ထောင်စု(၁၄)စုနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့မှ လေဘေးသင့် လူဦး ရေ စုစုပေါင်း(၄၆)ဦးတို့အတွက် တစ်ဦးလျှင် (၂၁၀၀)ကျပ်နှုန်းဖြင့် ဆန်ရိက္ခာဖိုးငွေကျပ် (၉၆၆၀၀)၊ အိမ်/ကျောင်းဆောက်ပစ္စည်းဖိုး ငွေကျပ် (၇၁၄၇၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၈၁၁၃၀၀) ကို ကာယကံရှင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အောင်ဌေး(မလှိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)