တပ်မတော်(လေ)ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်(လေ)ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ပြန်လည်ရောက်ရှိ


ရန်ကုန်၊ မေ ၃

 မြန်မာနှင့်ထိုင်းလေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော တပ်မတော်(လေ)ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ဧပြီလ ၃၀ ရက်နေ့ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြသည်။

မေလ ၁ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်(လေ)အား ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို ခဲ့ကြသည်။ ကာကွယ်ရေးဦးစီးချုပ်(လေ)က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခြင်း၊  ထိုင်းဘုရင့်လေတပ်မတော်အား စတင် တည်ထောင်သူ Field Marshal Prince Chakrabongse ၏ ရုပ်တုရှေ့တွင် ဂုဏ်ပြုပန်းခွေချခြင်း၊ ထိုင်းဘုရင့်လေတပ်ဌာနချုပ် ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးခြင်း၊ ထိုင်းဘုရင့်လေတပ်ဌာနချုပ်ဧည့်ခန်းမတွင် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် တွေ့ဆုံ ဆွေးနွေးခြင်းများဆောင်ရွက်ပြီး နှစ်နိုင်ငံလေတပ်အထိမ်းအမှတ်တံဆိပ်များ အပြန် အလှန်လဲလှယ်ပေးအပ်ခဲ့ကြသည်။ဆက်လက်၍ထိုင်းဘုရင့်လေတပ်ဌာနချုပ် Conference Room တွင် တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်စေရေး ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ယင်းနောက် Air War College သို့ သွားရောက်ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ခြင်း၊  Air War College ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊  Air War College  တာဝန်ရှိသူတစ်ဦးမှ Air War College ၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်တာဝန်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုနည်းစနစ်များ၊ အပြန်အလှန်ဆွေးနွေးမှုများ၊ Academic ဆွေးနွေးပွဲများ၊ ပြည်တွင်းပြည်ပလေ့လာရေးခရီးစဉ်များ၊ သင်တန်းသားအရည်အချင်း သတ်မှတ်ချက်များနှင့်ပတ်သက်၍  ရှင်းလင်းပြသမှုများအပေါ် ကြည့်ရှုလေ့လာ၍ အပြန် အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး သင်တန်းသားအရာရှိကြီးများ၏  National Security လက်တွေ့လေ့ကျင့်ခန်း Practice Negotiating ပြုလုပ်နေမှုများအား ကြည့်ရှုလေ့လာခဲ့ သည်။ ထို့နောက် တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် ရေအောက်ကမ္ဘာ-Sea Life Paragon Department Store သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။

၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် သည်။

မေလ ၂ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော တပ်မတော်(လေ)ကိုယ်စားလှယ်အဖွဲ့သည် ဘန်ကောက်မြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓရွှေဆင်းတုတော် Wat Traimit Wittayaram Worawihan ဘုရား၊ ရှေးဟောင်း သမိုင်းဝင် အာရုဏ် Wat Arun ဘုရားနှင့်  ရှေးဟောင်းသမိုင်းဝင် လျောင်းတော်မူ ဝပ်ဖို  Wat Pho ဘုရားများသို့ သွားရောက်ဖူးမြော်၍ တော်ဝင်ရေတပ်သင်္ဘော ပြတိုက် Royal Barge Museum တို့အား လေ့လာကြည့်ရှုခဲ့ကြပြီး မေလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည် အပြည်ဆိုင်ရာလေဆိပ်မှ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


ဓာတ်ပုံ - ၂၀၂၃ ထိုင်းတော်ဝင်လေတပ်အကြီးအကဲ မြန်မာနိုင်ငံသို့ လာရောက်စဉ်က

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)