ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၆/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၆/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်




နေပြည်တော်၊ မေ ၃

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၆/၂၀၂၃)၊ ရဲသီဟတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးခဲ့ပြီး၊ ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြု ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ဇက်နင်ဆိန်း၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖြိုးဇော်ထက်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း နီလာဗိုလ်၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း လပြည့်ဝင်း၊ အင်္ဂလိပ်စာထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဇက်နင်ဆိန်းတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အမှာစကားပြောကြားရာတွင် သင်တန်းဆင်း ဒုတိယရဲအုပ်လောင်းများအနေဖြင့် တပ်ဖွဲ့အသီးသီးမှာ ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမည့်သူများ ဖြစ်သည့်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆)ရပ်နှင့်အညီ နေထိုင်ကျင့်ကြံပြီး ဥပဒေနှင့်ညီညွတ်သောအမိန့်၊ မျှတသောဆုံးဖြတ်ချက်များနှင့် အဂတိတရား ကင်းရှင်းစွာဖြင့် မိမိလက်အောက်ကို ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်ပြီး ပြည်သူတို့ဘဝ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်ကို အလေးထား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊


ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးကို နောင်တော်တပ်မတော်နှင့်အတူ ဆောင်ရွက် နေကြတာဖြစ်သည့်အတွက် စစ်ဆင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်သလို နိုင်ငံနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အသက်နှင့် ခန္ဓာကိုယ် စွန့်လွတ်စွန့်စားရဲသည့် ရဲစွမ်းသတ္တိများနှင့် ပြည့်စုံနေစေဖို့ မှာကြားလိုကြောင်း၊  ရပ်ရွာအေးချမ်း သာယာရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့အနေဖြင့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည့်အပြင် ပြည်သူများ စိတ်အေးချမ်းသာယာစွာဖြင့် အသက်မွေးဝမ်းကြောင်းမှုကို ကောင်မွန်စွာလုပ်ကိုင်နေထိုင်နိုင်ရန်အတွက် မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်(၆)ရပ်အား မိမိတာဝန်ယူရသည့်နယ်မြေအတွင်း ဒေသနှင့် ကိုက်ညီသည့် နည်းလမ်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊


မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ မူးယစ်ဆေးဝါးပပျောက်သည်အထိ တားဆီးကာကွယ်ရေး၊ စုံစမ်းဖော်ထုတ်အရေးယူရေး လုပ်ငန်း များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့ဝင်များအနေဖြင့် လူမှုရေးလုပ်ငန်းများ၊ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊


ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝထက်မြက်နေစေရန်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေး မူဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်း ဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာနေဖို့လိုအပ်ကြောင်း၊ တပ်ဖွဲ့ဝင် အားလုံး လေ့ကျင့်သားပြည့်ဝနေစေရန် တပ်ဖွဲ့အလိုက် တစ်ဦးချင်းကိုင်တွယ်ရမည့် လက်နက်နှင့် ရဲတပ်ဖွဲ့သုံး ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်ရေး လိုအပ်သည့်လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမှာ ဖြစ်ကြောင်း၊ ဆန်းသစ်ပြောင်းလဲတိုးတက်မှုနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရန် အင်္ဂလိပ်ဘာသာစကား အပါအဝင် အခြားဘာသာစကားများ၊ ကွန်ပျူတာ၊ အင်တာနက်နည်းပညာ ဆိုင်ရာ ပညာရပ်များကိုလည်း ပိုမိုတိုးတက်ကျွမ်းကျင်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သင်တန်းကျောင်းများက သင်ကြားလေ့ကျင့်ပေးမှုများနှင့် ကိုယ်တိုင်အားထုတ်မှုများက ရရှိလာတဲ့ လေ့လာလေ့ကျင့်မှုများကို သင်တန်းကာလအတွက်သာ မဟုတ်ဘဲ စဉ်ဆက်မပြတ် လိုက်နာကျင့်သုံး သွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း၊ အမျိုးသမီးရဲအရာရှိများအနေဖြင့်လည်း မိမိတို့ ရောက်ရှိတာဝန်ထမ်းဆောင်ကြရမည့် လက်တွေ့ နယ်ပယ်မှာ လေ့ကျင့်သင်ကြားပျိုးထောင်ပေးလိုက်သည့် ပညာရပ်များကိုအခြေခံပြီး လက်တွေ့ဘဝ နှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊


နိုင်ငံတော်စီမံအုပ်ချပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိပကတိအခြေအနေများနှင့် ကိုက်ညီသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်ကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လည်း ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို သိရှိနားလည်ပြီး ကျရာအခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်ကြဖို့  လိုအပ်ကြောင်း၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့် အစဉ်အလာကောင်း(၁၂)ရပ်တွင်ပါရှိသည့် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ၍ ကာကွယ် စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့်အချက်နှင့်အညီ တပ်မတော်နှင့်အတူလက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း စသည်ဖြင့် တိုက်တွန်း အမှာစကား ပြောကြားခဲ့သည်။


သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)ပါမောက္ခချုပ် ဦးကျော်စိုး၊ ရဲထောက်ချုပ် ရဲမှူးချုပ် မြင့်တိုးနှင့် ရဲအရာရှိကြီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်း အမှတ်စဉ်(၁၁၆) ရဲသီဟတပ်ခွဲတွင် တပ်တွင်းဘွဲ့ရအမျိုးသား (၂၃၂)ဦး၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသား(၂)ဦး၊ တပ်တွင်းဘွဲ့ရအမျိုးသမီး(၁၁၀)ဦး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ အမျိုးသမီး(၁) ဦး၊ စုစုပေါင်း (၃၄၅)ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)