တာမွေမြို့နယ်ရှိ ဆုတောင်းပြည့်နန္ဒဝန်စေတီတော်တွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်ရှိ ဆုတောင်းပြည့်နန္ဒဝန်စေတီတော်တွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကျင်းပ

  




တာမွေ     ၊  မေ     ၂၂

ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၆-ခုနှစ် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ “ ဗျာဒိတ်ဖွားမြင် ဗောဓိပင် ၊ စံဝင်နိဗ္ဗာန်နန်း ” ဆိုသည့်စကားအတိုင်း ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ဆုတောင်းပြည့် နန္ဒဝန် စေတီတော်တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ကြသူများ၊ ဥပုဒ်သီလစောင့်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ၍ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။

“ ကျွန်တော်တို့အနေနဲ့ ဒီဆုတောင်းပြည့် နန္ဒဝန်စေတီတော်ကြီးမှာ မည်သူမဆို စိတ်အေးချမ်းသာစွာ ကဆုန် ညောင်ရေသွန်းလောင်းပူဇော်နိုင်ဖို့အတွက် လိုလေသေးမရှိ စီစဉ်ပေးထားပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့လည်း ဒီဆုတောင်းပြည့် နန္ဒဝန်စေတီတော်ကြီးသို့ လာရောက်ပြီး ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြဖို့ ဖိတ်ခေါ်လိုက် ရပါတယ် ” ဟု တာမွေမြို့နယ်ရှိ ဆုတောင်းပြည့် နန္ဒဝန်စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်ကဆိုသည်။

အဆိုပါ ဆုတောင်းပြည့် နန္ဒဝန်စေတီတော်သည် ရန်ကုန်မြို့ တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် သမ္မာဒိဋ္ဌိလမ်းတွင် တည်ထားပြီး ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများအနေဖြင့် မည်သူမဆို ဖူး‌မြော်ကြည်ညိုနိုင် စေရေးအတွက် နေ့စဉ်နံနက် (၇)နာရီမှ ညနေ(၆)နာရီအချိန်အထိ ဖွင့်လှစ်ပေးထားပြီး မည်သူမဆို စိတ်အေးချမ်း သာစွာ လာရောက်ဖူးမြော်၍ ကုသိုလ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)