ထုတ်ကုန်နှစ်ဆဖြစ်ပေါ်ရေး အလုပ်သမားအခွင့်အရေးမြှင့်တင်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထုတ်ကုန်နှစ်ဆဖြစ်ပေါ်ရေး အလုပ်သမားအခွင့်အရေးမြှင့်တင်ပေး


ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လုပ်ငန်းလိုအပ်ချက်များတွင် လုပ်သားလိုအပ်ချက်မှာ ဟင်းတစ်ခွက်တွင် မပါမဖြစ်ဆားတစ်ပွင့်ပမာတူညီသည်။ ပြည်ပနိုင်ငံအသီးသီးမှ စက်ရုံ၊ အလုပ်ရုံများတွင် ကျွမ်းကျင်အလုပ်သမားများ တရားဝင်ခေါ်ယူရခြင်းစျေးကွက်များ ဖြစ်ထွန်းအောင်မြင်လာခဲ့သည်။ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားအချို့သည် အိမ်တွင်းမှုအထောက်အကူပြု အလုပ်နေရာများဖြစ်သည့် အိမ်တွင်းဧည့်ကြိုများ၊ သန့်ရှင်းရေး အလုပ်သမားများ၊ ယာဉ်မောင်းများ၊ ချက်ပြုတ်သူများ၊ ကလေးသူငယ်စောင့်ရှောက်ပေးရသူများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ပေးရသူများ၊ လုံခြုံရေးဝန်ထမ်းများ အစရှိသည့် အလုပ်အမျိုးအစားများတွင် ပါဝင်လုပ်ကိုင်လာကြသည်ကိုတွေ့ရှိရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများကို လေ့လာဆန်းစစ်ကြည့်လျှင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်းတို့ကြောင့် လုပ်ခလစာပိုမို ရရှိသည့်နိုင်ငံများကို ရွေးချယ်သွားလာနေကြခြင်း ဖြစ်ပါသည်။


ငြိမ်းချမ်းရေးအသွင်ဆောင်သောဆက်ဆံရေး

အလုပ်သမားအများစုသည် လုပ်ခလစာကို အခြေခံပြီး လုပ်ခလစာတိုးမြှင့်ရရှိရေး၊ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး တောင်းဆိုသံများ ပေါ်ထွက်စမြဲဖြစ်သည်။ အနည်းဆုံးအခကြေးငွေသည် မိသားစုဘဝ စားဝတ်နေရေးဖြေရှင်းနိုင်သည့် အနိမ့်ဆုံးလုပ်ခကို ဆိုလိုခြင်းဖြစ်သည်။ အနည်းဆုံးအခကြေးငွေသည် ပုံမှန်အလုပ်ချိန်အပေါ် မူတည်သတ်မှတ်ထားသော နှုန်းထားလည်းဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမားတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်သဘောမှီခိုလျက်ရှိပြီး တစ်ဦးအကျိုးစီးပွားကို တစ်ဦးက အထောက် အကူပြုပေးသည့်ပုံစံနှင့်တူပါသည်။ ယင်းတို့အကြား အပြန်အလှန်ကိုယ်ချင်းစာနာစိတ်ဖြင့် လုပ်ခလစာနှင့် စေတနာလဲလှယ်သော လုပ်ငန်းခွင်မပျက်ညှိနှိုင်း ဆွေးနွေးခြင်းများသည် နှစ်ဦးနှစ်ဖက်အတွက် ငြိမ်းချမ်းရေးအသွင်ဆောင်သောဆက်ဆံရေး တစ်ရပ်ထူထောင်းခြင်း ဖြစ်ပါသည်။

တန်ဖိုးရှိလှသော လူ့စွမ်းအားအရင်းအမြစ် ရေရှည်တည်တံ့ရေးအတွက် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များ ဖန်တီးကြရပါမည်။ အလုပ်ရှင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အသိအမြင်များသည် အရေးကြီးလွန်းလှပါသည်။ နှစ်ဦးနှစ်ဖက် ချင့်ချိန်တွက်ဆမှုသည် အကျိုးမမဲ့၊ အကျိုးဖြစ်ထွန်းသော လုပ်ရပ်များဖြစ်သည်။ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များဖန်တီးကြရာတွင် ပုံမှန်အလုပ်လုပ်ခွင့်ရှိသည့် အသက်အရွယ်ကို သတိပြုရပါမည်။ ဥပဒေအရသတ်မှတ်ထားသည့် အသက်ပြည့်မီမှသာ အလုပ်ခွင်ဝင်ရောက်ရန်ဖြစ်ပါသည်။ သတ်မှတ်ထားသည့် အသက်အောက်ရောက်ရှိနေသည့် ငယ်ရွယ်သူများကို အလုပ်လုပ်ခွင့်မပေးဘဲ အလုပ်ခွင်စည်းကမ်းအတိုင်း တိတိကျကျလိုက်နာရမည်ဖြစ်သည်။ လူငယ်များသည် မိသားစုစားဝတ်နေရေးကြောင့် အလုပ်ခွင်အတွင်း ဝင်ရောက်နေကြရသော်လည်း လုပ်ငန်းခွင်ဘေးအန္တရာယ်များနှင့် အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေများနှင့်ပတ်သက်သော အသိပညာဗဟုသုတအားနည်းခြင်း၊ လုပ်ငန်းခွင်အတွင်း ရပိုင်ခွင့်အခွင့်အရေးများနှင့် သက်ဆိုင်သော အထွေထွေဗဟုသုတများ မသိရှိခြင်းတို့ကြောင့် လုပ်အားခေါင်းပုံဖြတ်ခံရနိုင်မှုနှင့်အတူ လူငယ်များ၏ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည်။


လုပ်ငန်းခွင်အတွင်း အလုပ်သမားများ အချိန်မတိုင်မီ သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ရောဂါတစ်မျိုးမျိုးခံစားခြင်းများ မဖြစ်စေရန်လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေး၊ သက်သာချောင်ချိရေးဆိုင်ရာ ရပိုင်ခွင့်များကို အလုပ်ရှင်ဘက်က စီစဉ်ဆောင်ရွက်ပေးရပြီး လုပ်သားများဘက်ကလည်း လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်ပါသည်။ လုပ်ငန်းခွင်မတော်တဆမှုနှင့် ရောဂါဖြစ်ပွားမှု လျှော့ချရေးဆောင်ရွက်ရာတွင် အလုပ်ရှင်၊အလုပ်သမားများက မှန်ကန်သော အသိအမြင်၊ အတွေးအခေါ်ဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစား လိုက်နာရန်လိုအပ်သည်။ ထို့အတူပင် အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိ အမြင်များ မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ဘေးကင်းလုံခြုံသောဘဝများကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။


ကျွမ်းကျင်အလုပ်သမားများ၏ စွမ်းပကားများ

ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဓိကလိုအပ်လျက်ရှိသည့် ကျွမ်းကျင်အလုပ်သမားများ၏ အခန်းကဏ္ဍသည် ထိပ်ဆုံးကအရေးပါလာခဲ့သည်။ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရရှိရန်လိုအပ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အလုပ်သမားလိုအပ်ချက်ပြည့်မီရေး ရွှေ့ပြောင်းအလုပ်သမားလိုအပ်မှု အရေအတွက်မှာ စဉ်ဆက်မပြတ်တိုးပွားလာဖွယ်သာရှိပါသည်။ နိုင်ငံတစ်ခုမှတစ်ခုသို့ ရွှေ့ပြောင်းအလုပ်လုပ်ကြသဖြင့် အလုပ်သမား၊ အလုပ်ရှင်နှစ်ဖက်စလုံးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေသော အကျိုးအမြတ်များ ရရှိစေနိုင်သည်။ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် ပွင့်လင်းမြင်သာရှိသည့်ခေတ်ကို အမီလိုက်လျက် တစ်ဟုန်ထိုးတိုးတက်နေသော အလုပ်သမားများ၏ စီးပွားရေးအရွေ့ပင်ဖြစ်သည်။ ကမ္ဘာကြီး သည် ခေတ်မီတိုးတက်ခြင်းဖြင့် စက်မှုနည်းပညာနယ်ပယ်အသီးသီးကို ကျော်လွှားရောက်ရှိသည့်တိုင် အသိဉာဏ်ရှိသော လူ့စွမ်းအားအရင်းအမြစ်များကို အသုံးပြုနေရဆဲဖြစ်သည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာခြင်းကြောင့် ကမ္ဘာကြီးသည် ရွာတစ်ရွာပမာတည်ရှိလာခဲ့သည်။ နည်းပညာနယ်ပယ်အသီးသီးတွင်လည်း စက်ကို ထိန်းချုပ်နိုင်သည့် လူသားအကူအညီများ၊ ကျွမ်းကျင်အလုပ်သမားများ၏ စွမ်းပကားများမှာ လိုအပ်နေဆဲဖြစ်ပါသည်။


သို့ဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်ရေး သတင်းအချက်အလက်၊ အသိပညာများ ကျယ်ပြန့်စွာ သိရှိနားလည်ရန် လိုအပ်လှသည်။ အလုပ်သမားများသည် မသိနားမလည်ဖြင့် တရားမဝင်အလုပ်သမားစေလွှတ်ရေးအေဂျင်စီများနှင့် အလုပ်ပွဲစားများကို ဆက်သွယ်ကြလေ့ရှိသဖြင့် အလိမ်ခံရနိုင်ဖွယ်ရှိကြောင်း သတိပြုကြရပါမည်။ အလုပ်သမား စေလွှတ်ရေး အေဂျင်စီများကလည်း လူစုဆောင်းမှုအစီအစဉ်တွင် ပွင့်လင်းမြင်သာမှုရှိရပါမည်။ သို့မှသာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ခေါင်းပုံဖြတ်မှုကင်းဝေးခြင်း၊ ကုန်ကျစရိတ်အနည်း ဆုံးဖြစ်ခြင်းအစရှိသော တရားမျှတမှုများရရှိစေမည်ဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ရွှေ့ပြောင်းသွားလာမှု လုံခြုံရေး၊ အလုပ်သမားဥပဒေပါအတိုင်း ခံစားခွင့်များရရှိရေးမှာ လွန်စွာအရေးကြီးလှပါသည်။


မြန်မာနိုင်ငံအနေဖြင့် အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးလျက်ရှိပြီး ထိုင်း၊ မလေးရှား၊ ကိုရီးယားကဲ့သို့နိုင်ငံကြီးများတွင် အလုပ်သမားအရေး ဖြေရှင်းပေးနိုင်မည့် အလုပ်သမားသံအရာရှိများ စေလွှတ်ထားရှိပေးခြင်း၊ နိုင်ငံတကာအလုပ်သမားရေးရာစံသတ်မှတ်ချက်များကို အလေးထားရှိခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေနှင့် အမိန့်ညွှန်ကြားချက်များနှင့်အညီ အလုပ်သမား များအရေးကူညီဖြေရှင်းပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘာသာစကားအခက်အခဲ၊ လုပ်ငန်းခွင်အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန် စကားပြန်များထားရှိပေးခြင်းနှင့် သက်ဆိုင်ရာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းများ ကူညီဆောင်ရွက် ပေးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်လေ့လာ သိရှိရသည်။


အလုပ်သမားများ၏ လုပ်ငန်းကျွမ်းကျင်မှုများ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံသားများ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်တိုးမြှင့်ရေး အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြသည်။ အမှန်တကယ် အလုပ်လိုအပ်နေသူများကို အလုပ်ခန့်ထားပေးနိုင်မှုသည် ပြည်သူအများစု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို အလေးထားခြင်းဖြစ်သည်။ အလားတူ ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍတွင် အဓိကမောင်းနှင်အားဖြစ်သည့် အလုပ်သမားများ၏ လုပ်ငန်းကျွမ်းကျင်မှုများသည် လွန်စွာအရေးပါသကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ နည်းပညာ၊ အရင်းအနှီးများ ပိုမိုရရှိစေရေး အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ လိုသူများစွာကို ဖိတ်ခေါ်လျက် ကုန်ထုတ်လုပ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်လျက်ရှိသည်။


 နိုင်ငံတော်က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျ အသုံးချလျက်ရှိရာ အဓိကအင်အားတစ်ရပ်ဖြစ်သည့် အလုပ်သမားများ၏အခွင့်အရေး အပြည့်အဝရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများပေးရေး၊ တတ်မြောက်ထားသည့် အတတ်ပညာ၊ အတွေ့ အကြုံများကို ပြည်တွင်း၊ ပြည်ပလုပ်ငန်းခွင်များတွင် အသုံးချနိုင်ရေး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အလုပ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေး လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးရေး၊ လူမှုဖူလုံရေးစနစ် အပြည့်အဝရရှိရေးစသော ကောင်းမြတ်သောဦးတည်ချက်များ ဖော်ဆောင် ပေးခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားလုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် စံချိန်မီထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မည့်အပြင် နှစ်ဦးနှစ်ဖက်အကျိုးတူပူးပေါင်းလျက် ဂုဏ်သိက္ခာရှိသော တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လုပ်ငန်းခွင်အဖြစ် ရေရှည် တည်တံ့နိုင်မည်ဖြစ်ပါကြောင်း ယုံကြည်လျက် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။


ထက်ဝေအောင်(စစ်ကိုင်း)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)