မုဒုံ ၊ မေ ၁၉
ရော်ဘာသည် ပြည်တွင်းစက်မှုလုပ်ငန်းများသာမက ပြည်ပပို့ကုန်များအတွက် အရေးပါသော စက်မှုကုန်ကြမ်းဖြစ်သော်လည်း ရော်ဘာအစေးခြစ်ခြံအများစုမှာ မိုးများသောကာလများ၌ အစေးခြစ်ခြင်းများကို ရပ်နားထားရပြီး အစေးခြစ်ရက်ယူနိုင်သောကာလ လျော့နည်းသည့်အတွက် အထွက်နှုန်းလည်း သိသိသာသာလျော့နည်းလာသည်။
ယခုအခါတွင်လည်း အချိန်အခါမဟုတ်မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေသည့်အတွက် အစေးခြစ်ရက်များ လျော့နည်းလျက်ရှိသည်။ တစ်နိုင်ငံလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ရော်ဘာစိုက်ပျိုးသော ဒေသများဖြစ်သည့် မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တစ်နှစ်လျှင် ပျမ်းမျှမိုးရွာရက် (၁၂၄) ရက်နှင့်အထက်၊ မိုးရေချိန် (၁၂၀)လက်မနှင့် အထက်ရှိခြင်းကြောင့် ပင်စည်လုံးပတ်ဝက်ရက်ခြားခြစ်ခြင်း (S/2d2) စနစ်ဖြင့် ပုံမှန်အစေးခြစ်ပါက အစေးခြစ်ရက် (၁၀၅ - ၁၁၀)ရက်ရရှိပြီး မိုးရာသီကာလ မိုးကာတပ်ဆင်၍ အစေးခြစ်ခြင်း (S/2RGd2)စနစ်ဖြင့် အစေးခြစ်ပါက (၁၇၀)ရက်ခန့်ရရှိကာ အစေးခြစ်ရက် (၆၀)ခန့် ပိုမိုရရှိခြင်းတို့ကြောင့် ရော်ဘာအထွက်နှုန်းမှာ ၆၀ ရာခိုင်နှုန်းခန့် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း မုဒုံမြို့နယ် နှစ်ရှည်ပင်များသုသေတနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံတာဝန်ခံ ဦးမောင်မောင်မြင့်က ပြောသည်။
မိုးရာသီကာလအတွင်း မိုးကာတပ်ဆင်၍ အစေးခြစ်ခြင်းသည် အစေးခြစ်ရက်ပိုမိုရရှိစေပြီး တစ်ဧကအထွက်နှုန်းလည်း တိုးတက်သဖြင့် ရေရှည်တည်တံ့သော သဘာဝ ရော်ဘာထုတ်လုပ်မှုကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ရာ အရည်အသွေးကောင်းမွန်သော ရော်ဘာကုန်ကြမ်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီနည်းပညာရပ်များကိုလည်း ရော်ဘာတောင်သူများက အလေးထားလိုက်နာဆောင်ရန် လိုအပ်လျက်ရှိသည်။
မိုးကာအုပ်အစေးခြစ်ခြင်းစနစ်သည် မိုးရာသီကာလအတွင်း အစေးမခြစ်မီ (သို့မဟုတ်) အစေးခံထားဆဲအချိန်၌ မိုးရွာလျှင် အပင်အထက်ပိုင်းမှ စိမ့်ကျလာသော မိုးရေများကို အစေးခြစ်လမ်းကြောင်းနှင့် အစေးခံခွက်များအပေါ် ရေစိမ့်မဝင်နိုင်စေရန် အဓိကတားဆီးနိုင်ကြောင်း၊ မိုးတွင်းကာလအတွင်း အစေးခြစ်ရက် ပိုမိုရရှိခြင်းသည် အစေးခြစ်လုပ်သားများ ဝင်ငွေရရှိအောင် ပြုလုပ်ပေးခြင်းဖြစ်ပြီး ကျွမ်းကျင်လုပ်သားဆုံးရှုံးမှုပြဿနာကိုလည်း ဖြေရှင်းနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့် ကောင်းမွန်သောလုပ်နည်းစနစ်တစ်ခုဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ
https://t.me/MyanmarNationalPost


No comments:
Post a Comment