ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေး နွေနှမ်းစိုက်ပျိုးမှုအား သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေး နွေနှမ်းစိုက်ပျိုးမှုအား သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့



ပွင့်ဖြူ၊ မေ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီ ဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းစိုက်ဧက သုံးသောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့အထိ နွေနှမ်းစိုက်ဧက လေးသောင်းကျော် စိုက်ပျိုးပြီးစီးသွားပြီဖြစ်၍ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်နှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး နွေ ၊ မိုး ၊ ဆောင်း ရာသီမပြတ် မြေပဲ၊ နှမ်း၊ နေကြာသီးနှံနှင့် ပန်းနှမ်းတို့ကို အားထားစိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ နွေစပါးနှင့် နွေနှမ်း အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ စိုက်ပျိုးလယ်မြေများအရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိသဖြင့် ဒေသခံတောင်သူများအတွက် နွေသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


"ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့  ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေဖို့နဲ့ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် ဆီထွက်သီးနှံဖြစ်တဲ့ နွေနှမ်းစိုက်ပျိုးခြင်းကို  မဲဇလီရေလွှဲဆည်ရေဖြင့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ နွေနှမ်းစိုက်ဧက ၃၇၃၄၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မတ်လဆန်းမှစပြီး ဒေသခံတောင်သူတွေက မဲဇလီရေလွှဲဆည်ရေဖြင့် ကြိုးပမ်းစိုက်ပျိုးခဲ့ကြသဖြင့် နွေနှမ်းစိုက်ဧက ၄၇၄၅၂ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နောက်ပြီး ကျွန်မတို့ဒေသမှာ  နွေနှမ်းစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုလဲရှိပါတယ်။ ဒေသခံတောင်သူတွေကိုလည်း နွေနှမ်းစိုက်ပျိုးရာ၌ သီးနှံအထွက်နှုန်းကောင်းမွန်စေဖို့အတွက် သက်ဆိုင်ရာ နယ်မြေအလိုက် ကွင်းဝန်ထမ်းတွေက နွေနှမ်းစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေး‌နေပါတယ်။ ဒေသခံတောင်သူတွေ အဓိက စိုက်ပျိုးတဲ့ နှမ်းမျိုးတွေကတော့ စမုံနက်၊ သိပ္ပံနှမ်းနက်၊ နှမ်းဖြူ၊ ဆင်းရတနာ - ၄ စတဲ့ နှမ်းမျိုးများကို အများဆုံး စိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။  


ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေနှမ်းစိုက်ပျိုးမည့် ဒေသခံတောင်သူများကို သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် အခြေခံစိုက်ပျိုးရေးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရေး နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ လိုအပ်သည်များကို ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း သိရသည်။ ယခုလက်ရှိတွင် ဒေသခံတောင်သူများက ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက်  စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများကို မြေဩဇာကျွေးခြင်း၊ ပေါင်းနုတ်ခြင်း စသည့် သီးနှံအထွက်တိုးရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)