ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမပေါ်ရှိ တံတားတစ်စင်းအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမပေါ်ရှိ တံတားတစ်စင်းအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး





နေပြည်တော်၊ မေ ၂၃

အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်စေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုနေသည့် လမ်း၊ တံတားများနှင့် မီးရထားလမ်းများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင် လျက်ရှိသောနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြသည်ကို ပြည်သူများ သိရှိပြီးဖြစ်သည်။

ယခုတွင်လည်း အများပြည်သူအားထား အသုံးပြုလျက်ရှိသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်တိုင်အမှတ်၊ ၁၂၉/၁ နှင့် ၁၂၉/၂ ကြား၊ တံတားအမှတ်(၁/၁၃၀)၊ အရှည် ၁၀၆ ပေ၊ အကျယ် ၂၄ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ် အမျိုးအစား မစောတံတားကို ယနေ့နံနက် ၅ နာရီ ခန့်တွင် KNLA အဖွဲ့မှ အကြမ်းဖက်မှု လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့သည်။ ထိုသို့ တံတားကို မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတားပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသည့် မော်တော်ဆိုင်ကယ် ၃ စီး တံတားအောက်သို့ ပြုတ်ကျခဲ့ပြီး ခရီးသွားပြည်သူ ၁ ဦး သေဆုံး၍ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ၂ ဦးအား ဘီးလင်းမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခဲ့ယူ စေလျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူသွားလာမှုခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်၊ ကုန်စည်စီးဆင်းမှုကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေပြီး တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် လူနှင့် ယာဉ်ကြီး/ ယာဉ်ငယ်များ ဖြတ်သန်းသွားလာရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း/တံတားဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)