ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ






တောင်ကြီး  ၊  မေ   ၂၈

၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ကို မေ (၂၆) ရက် နံနက် (၉) နာရီက တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်၊ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက အမှတ်(၇)၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့၊ ပန်းဖွားအကအဖွဲ့၊ ကိန္နရီ၊ ကိန္နရာ၊ တိုးနယားအကအဖွဲ့တို့ကို ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးကြသည်။

ဆက်လက်၍ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံရေးနေ့သီချင်းဖြင့် ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပညာသင်နှစ်အစပိုင်းမှာ မိဘများအခက်အခဲမရှိစေရေး သားသမီးများကို ကျောင်းအပ်နှံနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ်ပြဌာန်းဖတ်စာအုပ်များကို အခမဲ့ ဖြန့်ဝေပေးလျက် ရှိပါကြောင်း၊ အခြေခံပညာမူလယ်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုလို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများသည် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် ကျောင်းနေမြဲရေးအတွက်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှုဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရန် ပညာရေးဝန်ကြီးဌာနက ကျောင်းထောက်ပံ့ကြေးနှင့် ပညာသင်ထောက်ပံ့ကြေးများကို ပေးအပ်လျက်ရှိကြောင်းပြောကြားသည်။

ထို့နောက် ကျောင်းအပ်နှံအခမ်းအနားတွင် အခမဲ့ ပုံနှိပ်စာအုပ်များ၊ အခမဲ့ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ Grade-5၊ Grade-8အတွက် သင်ထောက်ကူပစ္စည်းများတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်ရာ သက်ဆိုင်ရာ ပညာရေးဌာနမှ ပညာရေးမှူးများမှ အသီးသီးလက်ခံရယူကြသည်။

၎င်းနောက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ `မြန်မာ့ကျောင်း´ သီချင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှတ် (၁)၊ အမှတ် (၄) အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ပညာရေးပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် အမှတ်(၄)၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ မိဘပြည်သူများမှ သား၊ သမီးများကို ကျောင်းလာရောက် အပ်နှံနေမှုကို ကြည့်ရှု၍ အားပေးစကားပြောကြားပြီး အခမဲ့ဗလာစအုပ်၊ ကျောင်းဝတ်စုံများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)