ဒုတိယဝန်ကြီး ဦးမြင့်စိုး ရမည်းသင်းမြို့နယ်ရှိ သမဝါယမအသင်းသား ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရမည်းသင်းမြို့နယ်ရှိ သမဝါယမအသင်းသား ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော်၊ မေ ၁၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ထန်းတောနှင့် ကြံပင်ကျေးရွာသို့သွားရောက်ပြီး အသင်းသားတောင်သူ ၆၁ ဦး၏ လယ်မြေ ၂၀၂ ဧကတွင် B-31 ဝါမျိုး စိုက်ပျိုးထားသည့် ရွှေကြံပင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ အထွက်တိုး မျိုးကောင်းမျိုးသန့်များနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများပံ့ပိုးပေးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ Grade A၊ Grade B အဆင့်မီဝါများရရှိရေးအတွက် သက်ဆိုင်ရာဌာနများက ပညာပေးရေးနှင့် လိုအပ်သော စိုက်ပျိုးရေရရှိရေးတို့အတွက် ညှိနှိုင်းမှာကြားသည်။

ယင်းနောက် ဝါစိုက်အသင်းသားတောင်သူများက သီးနှံဖျက်ပိုးကျရောက်မှု ကူညီဆောင်ရွက်ပေးရေး၊ ကျေးရွာအဝင်တံတား တည်ဆောက်ပေးရေးနှင့် စိုက်ပျိုးရေလိုအပ်ချက်များတင်ပြရာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ်တို့က ပြန်လည်ရှင်းလင်းဖြေကြားပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါစိုက်အသင်းသား တောင်သူများထံ ထောက်ပံ့ပေးအပ်မည့် B-31 ဝါမျိုး အိတ်များနှင့် စမ်းဝတီသဘာဝမြေဩဇာအိတ်များကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် ပျဉ်တပ်ရပ်ကွက်ရှိ အောင်ချမ်းသာ ဝါစက်နှင့် သီးနှံစုံရောင်းဝယ်ရေးသို့ သွားရောက်ကြည့်ရှုပြီး ဝါကြိတ်ဝါဖိစက်များ ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဝါစေ့ဆီကြိတ်ရန်အတွက် ဆီစက်တည်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် ကတင်ကျေးရွာသို့ သွားရောက်ပြီး အသင်းသားတောင်သူ ၈၃ ဦး၏ လယ်မြေဧက ၂၁၀ တွင် မိုးကြိုဝါများ စိုက်ပျိုးနေကြသည့် လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ မိုးကြိုဝါများအောင်ရေရရှိရေးအတွက် တွင်းတိမ်များတူးဖော်ပေးရေး၊ မိုးကြိုဝါစိုက်အပြီး မိုးစပါး ဧက ၁၈၀၀ စိုက်ပျိုးရန်အတွက် အထွက်တိုးမျိုးကောင်း မျိုးသန့်များကူညီပံ့ပိုးပေးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရမည်းသင်းမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)