အဂတိတရားကင်းစင်စွာဖြင့် အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိတရားကင်းစင်စွာဖြင့် အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်


ယနေ့တိုင်းပြည်အတွင်းမှာ အကြမ်းဖက်အဖွဲ့အစည်းအမျိုးမျိုးက အကြမ်းဖက်လုပ်ရပ်မျိုးစုံကို ကျူးလွန်နေကြတယ်။ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ထိန်းသိမ်းရခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေ လက်ထဲမှာ လက်နက်ရှိနေတယ်။ အလစ်အငိုက် တိုက်ခိုက်မှုတွေ လုပ်တဲ့အခါကြတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကိုလည်း အကြမ်းဖက်သမားများက ရက်စက်စွာ သတ်ဖြတ်မှုတွေ ကျူးလွန်နေကြတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါ နံပါတ်(၁) က (လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်။) ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အစိုးရအဆက်ဆက် တရားဥပဒေစိုးမိုးရေးအတွက် ကြွေးကြော်ခဲ့ကြသလိုပဲ နစကအစိုးရဲ့ ရည်ရွယ်ချက်ကလည်း ကောင်းမွန် မှန်ကန်ပါတယ်။ သို့သော် အစိုးရယန္တရားအတွင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက ဒီလုပ်ငန်းစဉ်အပေါ်မှာ အလေးထားသလားလို့ မေးရင်တော့ အလေးထားခြင်း မရှိပါဘူး။ အများပြည်သူနဲ့ မလွှဲသာမရှောင်သာ တွေ့ဆုံရတဲ့ အခမ်းအနားတွေမှာ ဒါမျိုးကိစ္စတွေကို ထုတ်ဖော်ပြောဆိုတာမျိုး ရှိကောင်း ရှိလိမ့်မယ်။ သို့သော် တချို့သော အရာရှိ၊ အရာခံများရဲ့ ရည်ရွယ်ချက်ကတော့ တည်ငြိမ်တာ၊ မတည်ငြိမ်တာ အလေးမထားပါဘူး။ ရာထူးတာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဘယ်လိုလာဘ်လာဘရမလဲဆိုတဲ့ အတွေးပဲ ရှိပါတယ်။ အဆိုးဆုံးအနေအထားကတော့ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူလိုက်တဲ့အချိန်မှာ တဖက်မှာ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ဦးဆောင်သူများက အကြမ်းဖက်လှုပ်ရှားမှုကို ဖော်ဆောင်တယ်။ အစိုးရနဲ့ အကြမ်းဖက်အုပ်စုကြားထဲမှာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေက အကြမ်းဖက်လှုပ်ရှားမှုကို အားပေးထောက်ခံခြင်း မရှိတဲ့ ပြည်သူများကိုလည်း အကြမ်းဖက်လှုံ့ဆော်သူပါ ဆိုတာမျိုး တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီး ပြည်သူကို ဒုက္ခပေးတဲ့ အလုပ်တွေ မိုက်မိုက်ကန်းကန်း လုပ်ခဲ့ကြတာတွေ ရှိပါတယ်။ ဒီလို လုပ်ရပ်တွေ ဖြစ်ပေါ်ခဲ့တဲ့ သာဓကတွေကိုလည်း မကြာခဏ ဖော်ထုတ်တင်ပြခဲ့ဖူးပါတယ်။ ဒီနေရာမှာတော့ စာရှည်မှာ စိုးလို့ မတင်ပြတော့ပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှု ဘာကြောင့် အရှိန်အဟုန် မြင့်တက်ခဲ့ရသလဲဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်ရင်လည်း တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေကိုယ်တိုင်က အကြမ်းဖက်လှုပ်ရှားမှု ဒီလောက်အထိ ရေချိန်မြင့်တက်လာလိမ့်မယ်လို့ မတွက်ဆဘဲ လာဘ်ပေးလာဘ်ယူလုပ်ပြီး အကြမ်းဖက်သမားတွေကို လွှတ်ပေးရာကနေ ပိုမိုအားကောင်းလာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တပ်မတော်စစ်ကြောင်း လာမယ်ဆိုရင် အကြမ်းဖက်အုပ်စုကို သတင်းပေးပြီး ရှောင်ရှားခိုင်းတယ်။ ဖမ်းဆီးရမိ အကြမ်းဖက်သမားတွေကို ငွေကြေးရယူပြီး လွှတ်ပေးတယ်။ အဲဒီတော့ အကြမ်းဖက်သမားများက ငွေရှိရင် တပ်လည်း ကြောက်စရာမလို၊ ရဲလည်း ကြောက်စရာမလို ဖြစ်လာတဲ့အတွက်ကြောင့် လက်နက်ကိုင် လူရမ်းကားလုပ်ပြီး ငွေရှာတယ်။ အမှုအခင်းဖြစ်လာရင် ငွေနဲ့ ရှင်းလိုက်တယ်။ အစိုးရရဲ့ ယန္တရားဟာ ဘယ်လောက်အထိ ပျက်ယွင်းလာသလဲဆိုရင် တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများက အကြမ်းဖက်သမားများနဲ့ ပတ်သက်တဲ့ သတင်းပေးလာရင်တောင် သတင်းပေးတဲ့သူ အသတ်ခံရအောင် အကြမ်းဖက်အဖွဲ့ဘက်ကို သတင်းပြန်ပေးသည်အထိ ကောက်ကျစ်ယုတ်မာမှုတွေ ရှိခဲ့ပါတယ်။

ဒီလို အချိန်ကာလမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အဓိကကျတဲ့ အဖွဲ့အစည်းတွေက တပ်မတော်၊ ရဲ၊ တရားစီရင်ရေး အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ တရားစီရင်ရေးက ဂုဏ်သရေရှိပုဂ္ဂိုလ်များကလည်း ရဲနဲ့ပေါင်းပြီး အကြမ်းဖက်သမားတွေကို အမှုရုပ်သိမ်းပေးတာ၊ ပြစ်ဒဏ်ကို ပေါ့ပါးအောင် လုပ်ပေးတာမျိုးတွေအထိ မိမိတို့ရဲ့ ဂုဏ်သိက္ခာကိုမှ မထောက်ထားဘဲ ငွေရဖို့ဆိုရင် ဂုဏ်သိက္ခာကို ရောင်းစားဖို့ ဝန်မလေးတဲ့ ဂုဏ်သိက္ခာရှိသူလို့ ထင်ရသူတချို့ရဲ့ လုပ်ရပ်တွေကလည်း ရွံရှာဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဆရာကြီး ဦးဘိုးသင်းရဲ့ ပညာပေးဝတ္ထုတွေမှာ တိုင်းပြည်တစ်ခုမှာ တရားလက်မဲ့ လုပ်ရပ်တွေကို အများဆုံးလုပ်တာကတော့ အမှုထမ်း၊ အရာထမ်းတွေပဲလို့ ဆိုခြင်း ဖြစ်ပါလိမ့်မယ်။ လူဆိုး၊ သူခိုးလို့ နာမည်ထွက်နေသူများကို ထိန်းသိမ်းရလွယ်ပေမယ့် မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးတွေကိုတော့ ထိန်းသိမ်းဖို့ မလွယ်တဲ့ သဘောဖြစ်ပါတယ်။

မဲလိမ်မဲခိုး NLD အစိုးရနဲ့ တပ်မတော်ဦးဆောင်တဲ့ နစကအစိုးရ စပ်ကူးမတ်ကူးကာလ ပြည်ထဲရေးဝန်ကြီးဌာနကို ထိန်းကျောင်းသော ပုဂ္ဂိုလ်ဟာ ဆိုရင် NLD အစိုးလက်ထက် အဂတိလိုက်စားသူများကဲ့သို့ပင် သူလည်း အဂတိလိုက်စားမှုတွေ ကျူးလွန်ထားတယ်။ သူ့ကို နစကအစိုးရသက်တမ်း ၂နှစ်နီးပါးကြာမှ ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့တယ်။ ဝန်ကြီးဌာနတစ်ခုရဲ့ အကြီးအကဲကစပြီး အဲဒီလို ပျက်ယွင်းနေမှာတော့ ဒီဌာနမှာ တာဝန်ထမ်းဆောင်နေသူ အဆင့်ဆင့်က အလိုတူအလိုပါ၊ သူလည်းရှာ၊ ကိုယ်လည်းရှာ လုပ်ကြတာ မထူးဆန်းပါဘူး။ ဥပဒေလက်တစ်လုံးခြားလုပ်ပြီး ကိုယ်ကျိုးရှာ လူကြီးတွေအပေါ် သိတတ်ရင် စွမ်းဆောင်ရည် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရာထူးတိုးမြန်တယ်။ နေရာကောင်းကို ရတယ်။ လုပ်စားဂွင် ပိုကျယ်လာတယ်။ ဒီလိုပဲ ပြည်သူလူထုအကျိုးဆောင်ရွက်နေတာပါလို့ အသံကောင်းဟစ်ပြီး ခေတ်အဆက်ဆက် လုပ်စားခဲ့ကြတာ ဖြစ်ပါတယ်။

နောက်တစ်ပိုင်းတော့ ကာကွယ်ရေးဝန်ကြီးဌာနပေါ့ဗျာ။ ယနေ့အချိန်အခါဟာဆိုရင် တပ်မတော်က အာဏာအရှိဆုံးအဖွဲ့အစည်း ဖြစ်ပါတယ်။ ဥပဒေမဲ့ လုပ်ရပ်တွေကို တပ်မတော်အရာရှိတွေက လုပ်ခဲ့သော် ဘယ်သူက ပြောဆိုဝံမလဲ။ အထင်ရှားဆုံး သာဓကတစ်ခုကိုပဲ ပြောလိုက်ပါမယ်။ ပြင်ဦးလွင်မြို့နှင့် အနီးဝန်းကျင်မှာ မြေယာပြဿနာအများစု တပ်မတော်အရာရှိတချို့ ပါဝင်ပတ်သက်ထားတယ်။ နစကအစိုးရလက်ထက်မှာမှ လုပ်တာ မဟုတ်ဘူး။ ဦးသန်းရွှေအစိုးရ လက်ထက်ကစခဲ့တဲ့ ပြဿနာတွေ အခုထိဆိုပါတော့။ မြေယာပြဿနာတွေကို ဥပဒေနဲ့အညီ မဖြေရှင်းဘူးဆိုတာကလည်း ဒီလိုလူတွေ ပါဝင်ပတ်သက်နေခြင်းကြောင့်ပဲလို့ ယူဆရပါတယ်။ တစ်နွယ်ငင်တော့ တစ်ဇင်ပါဆိုသလို လက်ရှိတာဝန်ထမ်းဆောင်နေသူများကလည်း တာဝန်ထမ်းဆောင်နေသည့် အလျှောက် အငြိမ်းစားဆိုသူများကလည်း အငြိမ်းစားဆိုတဲ့ အရှိန်အဝါတွေနဲ့ပေါ့။

တပ်မတော်ဆိုတာ တိုင်းပြည်အတွက် မရှိမဖြစ် အဖွဲ့အစည်းဖြစ်နေလို့သာ ပြည်သူတွေက တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကြီးကို ဝန်းရံနေကြတာဖြစ်သလို အားကိုးယုံကြည်ကြတာ ဖြစ်ပါတယ်။ အဲဒီလို အရာရှိဆိုးတွေ လုပ်ရပ်တွေကို ကာလရှည်ကြာ ခေါင်းငုံ့ခံနေရတာကြတော့ ရင်ထုမနာဖြစ်ရတာပေါ့ဗျာ။ ပြီးတော့ အဲဒီလူတွေက သူတို့ကိုယ်တိုင်လည်း ဥပဒေမဲ့ လုပ်ရပ်တွေကို လုပ်ထားသေးတယ်။ ပြည်သူကို ဥပဒေနဲ့ ပြန်ပြီး ခြိမ်းခြောက်တာမျိုးလည်း လုပ်ကြပြန်ရော။ ကိုယ်ကျိုးရှာသူ တစ်ဦးတစ်ယောက်ရဲ့ ပြဿနာကို အကြောင်းပြုပြီး တချို့သော ပြည်သူတွေမှာ တပ်မတော်အပေါ် အမုန်းတရားတွေ ဖြစ်ပေါ်လာတယ်။ ဒါကိုပဲ နိုင်ငံရေးသမားအမည်ခံ ပြည်ဖျက်မိစ္ဆာတွေက အခွင့်ကောင်းယူပြီး ပြည်သူတွေကို သူတို့လိုသလို အသုံးချသွားကြတာပဲ ဖြစ်ပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာလို့ လွယ်မှန်းသိတော့ ရှာကြမှာပဲ။ ဒါကို ထိန်းသိမ်းရန် တာဝန်ရှိသူများက ထိန်းသိမ်းခြင်း မရှိဘဲ အလိုတူ အလိုပါ မသိကျိုးကျွန်ပြုပေးထားတဲ့အခါ အစိုးရယန္တရားနဲ့ ပြည်သူတွေဟာ တသားတည်း မဖြစ်တော့ဘဲ သူစိမ်းပြင်ပြင် ဖြစ်လာကြတယ်။

အဂတိလိုက်စားမှုတွေအကြောင်းပြောလို့ ဖောင်းထုတယ်လို့တော့ မထင်ပါနဲ့ဗျာ။ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာသာ အဂတိလိုက်စားမှုတွေ ရှိနေတာ မဟုတ်ပါဘူး။ အဂတိလိုက်စားမှု အင်မတန်များတဲ့ တိုင်းပြည်တွေ ရှိပါတယ်။ ကမ္ဘာမှာ အဂတိလိုက်စားမှုအများဆုံး (၁၀)နိုင်ငံစာရင်းထဲမှာတော့ မြန်မာ မပါသေးပါဘူး။ အဂတိလိုက်စားမှုအများဆုံး (၁၀)နိုင်ငံစာရင်းမှာဆိုရင် ဆိုမားလီးယား၊ ဗင်နီဇွဲလား၊ ဆီးရီးယား၊ တောင်ဆူဒန်၊ ယီမင်၊ နီကာရာဂွါ၊ ဟေတီ၊ အီကွေတိုရီရယ်ဂီနီ၊ တာ့ခ်မင်နစ္စတန၊ လစ်ဗျား တို့ ပါဝင်ပါတယ်။ ဒီအထဲ မြန်မာ မပါသေးပါဘူး။ အဂတိလိုက်စားမှု အနည်းဆုံး (၁၀)နိုင်ငံစာရင်းထဲမှာရော မြန်မာပါသလားဆိုတော့ မပါပြန်ပါဘူး။ အဂတိလိုက်စားမှုအနည်းဆုံး (၁၀)နိုင်ငံစာရင်းမှာဆိုရင် ဒိန်းမတ်၊ ဖင်လန်၊ နယူးဇီလန်၊ နော်ဝေ၊ စင်ကာပူ၊ ဆွီဒင်၊ ဆွတ်ဇာလန်၊ နယ်သာလန်၊ ဂျာမနီ၊ လူဇင်ဘတ်၊ အိုင်ယာလန် တို့ကို တွေ့ရပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေထဲက စင်ကာပူတစ်နိုင်ငံပဲ အဂတိလိုက်စားမှုအနည်းဆုံး (၁၀)နိုင်ငံစာရင်းကို ဝင်ပါတယ်။

ဒီလိုဆိုတော့ ကျွန်တော်တို့ နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာလည်း အဂတိလိုက်စားမှုတွေ ရှိသလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကလည်း လုပ်နေကြရပါတယ်။ အဂတိလိုက်စားမှုများကို တိုက်ဖျက်တဲ့ နေရာမှာ NLD အစိုးရလက်ထက်က လုပ်ဆောင်သွားတဲ့ သင်ခန်းစာကို ပြန်ကြည့်ရင် သမ္မတ၊ သမ္မတထက် ကြီးပါတယ်ဆိုတဲ့ ပုဂ္ဂိုလ် ကပါ အဂတိလိုက်စားတယ်။ ကာလုံအစည်းအဝေးမှာ တရားဝင်ထုတ်ပြန်ခဲ့တဲ့ စာရင်းအချက်အလက်တွေ ရှိပါတယ်။ ဝန်ကြီးဌာနအသီးသီးရဲ့ ပြည်ထောင်စုဝန်ကြီးဆိုသူများနဲ့ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များကစပြီး အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်။ တပ်မတော်နဲ့ နှီးနွယ်တဲ့ ပြည်ထဲရေးဝန်ကြီးတစ်ယောက် ကျန်ခဲ့တယ်။ အဲဒီပုဂ္ဂိုလ်ကလည်း အဂတိမကင်းပြန်ဘူး။ အဲဒီလို ပုဂ္ဂိုလ်ဦးဆောင်တဲ့အခါကြတော့ အဲဒီဌာနထဲက ပုဂ္ဂိုလ်များက အကြမ်းဖက်လှုပ်ရှားမှုကိုပါ အကြောင်းပြုပြီး ကိုယ်ကျိုးရှာတာ မထူးဆန်းပါဘူးဗျာ။ 

ရလာဒ်အားဖြင့် တိုင်းပြည်နာတယ်။ ရဟန်းရှင်လူပြည်သူတွေ နာတယ်။ ဒီလိုအခြေအနေတွေကြောင့် အစိုးရနဲ့ ပြည်သူဟာ တသားတည်း မဖြစ်ဘဲနဲ့ လူပါးဝနေကြသူများနဲ့ လူပါးအဝခံနေရသူများလို ကွဲပြားသွားတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ 

၇-၅-၂၀၂၄ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနမှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီအခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဂတိလိုက်စားမှုသည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဟန့်တားလျက်ရှိသည့်အတွက် နိုင်ငံတော်အစိုးရ၏မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား အဂတိလိုက်စားမှုကို လက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းဖော်ဆောင်နိုင်ရန် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်လည်း ဝန်ထမ်းများအား အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများကို သိရှိရှောင်ကြဉ်နိုင်စေရန် ဘက်စုံ၊ ကဏ္ဍစုံမှ အသိပညာပေး ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့် အတွက်များစွာ အားရမိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အဂတိတရားကင်းစင်စွာဖြင့် အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့တာကို တွေ့ရပါတယ်။

နိုင်ငံဝန်ထမ်းဆိုရင် ပြည်ထဲရေးမှာ မဟုတ်ပါဘူး။ ပြည်ထဲရေး၊ ပြန်ကြားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ တရားစီရင်ရေး အစရှိသဖြင့် ဝန်ကြီးဌာနအားလုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်းများအားလုံးဟာ အများပြည်သူအကျိုးကို ဆောင်ရွက်နေကြသူများချည်းဖြစ်ပါတယ်။ အစိုးရရုံးဌာနနဲ့ ဆက်စပ်တဲ့ အလုပ်ကိစ္စရှိလို့ ပြည်သူတစ်ယောက်က အဲဒီရုံးကို သွားတယ်။ အဲဒီရုံးမှာ ရှိတဲ့ ရုံးစေကအစ အရာရှိအဆုံး ပြည်သူတစ်ယောက်ရဲ့ လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းဆောင်ရွက်ပေးရမလဲ။ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဖို့ အဝေးကြီး။ ဘာလဲ၊ ညာလဲ ဟောက်တာကနေ အရင်စတာ။ ဟောက်လို့ မရလောက်ဘူးထင်တော့မှ တဖြည်းဖြည်း လျောချပြီး ပြေပြစ်သွားတဲ့ ပုံစံမျိုးတွေ မြင်တွေ့ခဲ့ရဖူးတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြောတဲ့အထဲက အချက်တစ်ချက် ကျွန်တော်လည်း မကြာခဏ ပြောမိပါတယ်။ (ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အဂတိတရားကင်းစင်စွာဖြင့် အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်စေလိုကြောင်း) ဆိုတာလေးကိုပဲ ဂုဏ်တော်ရွတ်သလို စွဲစွဲမြဲမြဲရွတ်ဆို ပွားများ သတိထားပြီး အများပြည်သူအကျိုးကို ဆောင်ရွက်ပေးသွားကြမယ်ဆိုရင်ဖြင့် အစိုးရနဲ့ ပြည်သူဟာ မကွဲပြားတော့ပါဘူး။ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုလည်း လက်တွဲဖော်ဆောင်လို့ ရပါပြီ။

အခုဖြစ်နေတာက တပ်မတော်က ခန့်အပ်လိုက်ပါတယ်ဆိုတဲ့ အရာရှိများကလည်း ပြည်သူနဲ့ တသားတည်းမဖြစ်ဘူး။ ငွေရှင် ကြေးရှင် ပေးနိုင် ကမ်းနိုင်တဲ့သူတွေနဲ့တော့ ဖက်လှဲတကင်း တသားတည်း ဖြစ်ကြပါတယ်။ တည်ငြိမ်အေးချမ်းရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအတွက် လက်တွဲဆောင်ရွက်လိုတဲ့ ပြည်သူဆိုရင် အစွန်းရောက်လို့ တံဆိပ်ကပ်ချင်တဲ့ အရာရှိတွေတောင် တွေ့ခဲ့ရဖူးတယ်။ ခင်ဗျားတို့က အရာရှိကြီးတွေဆိုတော့ အကြမ်းဖက်သမားများက ခင်ဗျားတို့ကို ဒုက္ခမပေးနိုင်ဘူးပေါ့ဗျာ။ အကြမ်းဖက်သမားများက တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အခါ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေပဲ ထိခိုက်သေကြေ ပျက်စီး ဆုံးရှုံးရတာဆိုတော့ အကြမ်းဖက်ဘေးအန္တရာယ်ကို အရာရှိကြီးများတွက်ဆတဲ့အပိုင်းနဲ့ ကျွန်တော်တို့ တွက်ဆတဲ့အပိုင်းကလည်း မတူနိုင်ပါဘူး။ အခုတော့ အရာရှိကြီးတွေပါ အကြမ်းဖက်အဖွဲ့ထံမှာ လက်နက်ချ အညံ့ခံရတဲ့ အဖြစ်မျိုးတွေ မြင်လာကြရပြီ မဟုတ်လား။

စာရေးသူက လက်နက်ကိုင်ပြီး အကြမ်းဖက်ဘေးအန္တရာယ်တွေကို ကာကွယ်နေရသူတစ်ယောက် မဟုတ်သည့်တိုင်အောင် တိုင်းပြည်ရဲ့ လုံခြုံရေး၊ ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြသူများကို တစ်နေ့တစ်ရက်မှ မေတ္တာမပျက်ပါဘူး။ တိုင်းပြည်ရဲ့ လုံခြုံရေး၊ ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြသူများကို တိုက်ခိုက်ခြင်းဟာ အကြီးလေးဆုံး အပြစ်ဖြစ်တယ်။ အဲဒီလို ပြစ်မှုကျူးလွန်နေကြသူတွေကို အချိန်နဲ့တပြေးညီ ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ တောင်းဆိုတယ်။ နောက်တစ်ချက်ကတော့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ တိုက်ပွဲတိုင်း အောင်မြင်ပါစေ။ ဘေးအန္တရာယ် ကင်းရှင်းပါစေကြောင်းလည်း အမြဲပဲ မေတ္တာပို့လျက်ပါ။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)