သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာရေး အားပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာရေး အားပေးဆောင်ရွက်



နေပြည်တော်၊ မေ ၆

သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဘက်စုံကဏ္ဍစုံမှ အားပေးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အုပ်စုရှိ စူပါနှံကောက် (RS-CS) မျိုးစေ့ထုတ်စိုက်ခင်း၌ ဒေသခံတောင်သူ လယ်သမားများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတကာ၌ ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းနှင့်အတူ ဓာတ်မြေဩဇာနှင့် သွင်းအားစုဈေးနှုန်းများ ကြီးမြင့်လာလျက်ရှိနေရာ စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှု မြင့်မားလာလျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများဈေးကောင်းရရှိနေခြင်း၊ ဈေးကွက်ဝယ်လိုအားများတိုးတက်နေခြင်းကလည်း တောင်သူလယ်သမားများအတွက် အခွင့်အလမ်းကောင်းအဖြစ်ရှိနေခြင်းကြောင့် သွင်းအားစုစရိတ် သက်သာစေမည့် နည်းလမ်းများ လိုက်နာကျင့်သုံးရန်လိုကြောင်း၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်ကို ဆောင်ရွက်ခြင်းဖြင့် လယ်ယာဘေးထွက်ပစ္စည်းများမှ တိရစ္ဆာန်အစာဖြည့်ဆည်းပေးနိုင်မှုနှင့် တိရစ္ဆာန် အညစ်အကြေးမှ သဘာဝမြေဩဇာအဖြစ် အသုံးပြုမှုများပါဝင်သည့် လှည့်ပတ်သုံးစွဲ နည်းစနစ်ကိုအသုံးပြုပြီး တောင်သူများဝင်ငွေတိုပွားရေးကြိုးပမ်းလုပ်ကိုင်နိုင်မှု အခွင့်အလမ်းများကို ဆွေးနွေးမှာကြားသည်။


ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှုများ၊ နေပြည်တော်ကောင်စီနယ်မြေ၏ သီထပ်စွမ်းအား မြှင့်တင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက တောင်သူများကို သဘာဝမြေသြဇာများထောက်ပံ့ပေးအပ်ပြီး စူပါနှံကောက် မျိုးစေ့ထုတ်စိုက်ခင်းနှင့် သဘာဝမြေသြဇာ မြေဆွေးထုတ်လုပ်သုံးစွဲနေမှု၊ နို့စားနွား၊ ကျွဲနှင့်ဘဲများ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးကြသည်။


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်းကျေးရွာရှိ ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်း၏ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမ၊ ငွေရောင်ငါးကြင်း၊ ငါးကြင်းဖြူနှင့် မြက်စားငါးကြင်းကောင်ရေ (၈၆၀၀၀) ရောနှော မွေးမြူထားရှိမှု၊ ငါးသားပေါက်များ ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်းရှင်များကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသော မွေးမြူထုတ်လုပ်မှုဖြစ်စေရန်၊ အစားအစာဘေးအန္တရာယ်ကင်းစင်မှု စံချိန်စံညွှန်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ် အော်ဂဲနစ်စိုက်ပျိုးရေးခြံသို့ ရောက်ရှိပြီး စားသုံးသူများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု၊ တောင်သူများအား အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာများနှင့် ရင်းနှီးလာစေရန် နည်းပညာ ဖြန့်ဝေပေးနေမှု၊ သီးနှံသစ်တောရောနှောစိုက်ခင်းအဖြစ် ပျဉ်းကတိုး၊ သဒီ၊ မဒမ၊ မလွှ၊ ဒီဒူး၊ ပုန်းမဲဇာ၊ ရုံးပင်၊ သဖန်း၊ ကတွတ်စသော ဒေသပေါက် သစ်ပင်များနှင့် ဝါးပင်များအကြားတွင် ငှက်ပျော၊ စွန်ပလွံ၊ ဆူးပုပ်၊ ကင်ပွန်းချဉ်ပင်များ ရောနှောစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)