ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း‌ဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း‌ဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၂၉

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကံဆွယ်ကျေးရွာအုပ်စု မြသုခကျေးရွာအနီး အနောက်ပြက္ခရွေတောင်ပေါ်ရှိ စွယ်တော်မြတ်စေတီသို့ ဖောက်လုပ်ထားရှိသည့် တောင်တက်မြေသားလမ်း လေးမိုင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရာသီမရွေးသွားလာနိုင်သည့် အမာခံလမ်းအဖြစ် ဆက်လက်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စွယ်တော်မြတ်စေတီပရိဝုဏ်အတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ထပ်မံဆောင်ရွက်နေသည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာမြို့နယ် ကျောင်းရွာကျေးရွာတွင် သန့်ရှင်းသောမြေအောက် သောက်သုံးရေရရှိရေးအတွက် ရေတွင်းတူးစက်ဖြင့် အဝီစိတွင်းနက်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရေရှားပါးသည့်ဒေသများတွင် သန့်ရှင်း‌သောသောက်သုံးရေ ရရှိရေးအတွက် အဆင့်မြင့်ရေကြောရှာဖွေစက်နှင့် ရေတွင်းတူးစက်များကို အသုံးပြု၍ ကျွမ်းကျင် ဝန်ထမ်းများဖြင့် လိုအပ်သောဒေသများတွင် တူးဖော်ဆောင်ရွက်ပေးလျက်ရှိသည်။

ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ရောက်ရှိပြီး ဖွံ့ဖြိုးရေးတက္ကသိုလ်အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ခိုင်မာပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်ပေါ်လာစေရေး အလေးထားပြုစုပျိုးထောင်ရေး၊ ကျောင်းသား ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ပညာရေး တိုးတက်မြင့်မားစေရေး၊ မကြာမီကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်း၏ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများ အသင့်ဖြစ်စေရေး ကြိုတင် ပြင်ဆင်ထားရှိရန်၊ ဆရာ ဆရာမများအနေဖြင့် တက္ကသိုလ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်နှင့် မကြာမီကျင်းပမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)အတွက် ပြင်ဆင်ရမည့် အချက်များကို မှာကြားပြီး စားရိပ်သာတွင် ကျောင်းသူများနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိပ်ဆောင်များ၊ စားရိပ်သာများ၊၂၀၂၃ -၂၀၂၄ ဘဏ္ဍာ နှစ် ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အားကစားခန်းမ၊ အားကစားကွင်းနှင့် ပွဲကြည့်စင်၊ တက္ကသိုလ်အတွင်း ဖွင့်လှစ်ထားရှိသည့် မွေးမြူရေးအစာစပ်စက်ရုံ၊ ဝန်ထမ်းသက်သာ အရောင်းဆိုင်၊ စိုက်ပျိုးမွေးမြူရေးဇုန်အတွင်းရှိ အသားစားကြက်ခြံ၊ ဥစားကြက်ခြံ၊ ငါးမွေးမြူရေး ဆောင်ရွက်ထားရှိမှု၊ ငါးမွေးမြူ‌ရေးကန်များ တူးဖော်နေမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်‌ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)ရှိ ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကျောင်းဝင်းအတွင်းရှိ အားကစားကွင်းနှင့် ပွဲကြည့်စင်၊ ဆောက်လုပ်ဆဲလေးထပ် အင်ဂျင်နီယာအလုပ်ရုံ၊ ကျောင်းသား ကျောင်းသူများ ၏အိပ်ဆောင်များ၊ စားရိပ်သာများ၊ စားဖိုဆောင်များ၊ ကျောင်းသား ကျောင်းသူများ တီထွင်ဖန်တီးထားရှိသည့် ခေတ်မီနည်းပညာလက်ရာများ၊ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့် ငါးခူမွေးမြူရေးကန်များနှင့် ဒီဂရီကောလိပ်သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)