ကချင်ပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေး






မြစ်ကြီးနား၊ မေ ၁၄

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် လတ်တလောနယ်မြေမတည်ငြိမ်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများ အမိုး/ အကာအောက်တွင် လုံခြုံစွာ နေထိုင်စားသောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၁၃ ရက် ညနေပိုင်းက ဝိုင်းမော်မြို့နယ် အတွင်းရှိ ယာယီတိမ်းရှောင်စခန်းများသို့ သွား‌ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် သူကြီးချုပ် ဦးတူးဂျာ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝိုင်းမော်မြို့၊ ရပ်ကွက်(၃) ယူကလစ်ကုန်း၌ အိမ်ထောင်စု(၅၂)စု၊ လူဦးရေ ၂၀၀ ကျော်တို့အတွက် ပြည်နယ်အစိုးရအဖွဲ့ ငွေကျပ်သိန်း ၁၀၀ ကျော်ပံ့ပိုးမှုဖြင့် စက်ရေတွင်း၊ ရေအိမ်သာ အပါအဝင် သွပ်မိုး၊ ဝါးခင်း၊ ထရံကာ နေအိမ်တန်းလျားများ တည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး နေအိမ်တန်းလျားတစ်ဆောင် ထပ်မံတည်ဆောက်နိုင်ရေးအတွက် ဝါး၊ သွပ်/ သံ ဝယ်ယူနိုင်ရေး၊ လျှပ်စစ်မီး Service ကြိုးသွယ်တန်းနိုင်ရေးအတွက် ငွေကျပ်သိန်း ၅၀ ၊ မီတာတပ်ဆင် နိုင်ရေးငွေကျပ် ၅ သိန်း စသည့်လိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ပေးခဲ့သည်။


ထိုမှတစ်ဆင့် မိုင်းနားကျေးရွာအုပ်စု၊ မခေါယန်ကျေးရွာအတွင်းရှိ ကက်သလစ်အသင်းတော် ကျောင်းဝင်းအတွင်း ယာယီနေရပ်စွန့်ခွာလာကြသည့် အိမ်ထောင်စု ၁၂၅ စု၊ လူဦးရေ ၄၀၀ ကျော်တို့ အတွက် မိုးမကျမီယာယီနေအိမ်များ တည်ဆောက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် ၁၅၆ သိန်းထောက်ပံ့ပေးမှုဖြင့် ရေအိမ်သာ(၆)လုံးနှင့် စက်ရေတွင်းများအပါအဝင် သွပ်မိုး၊ ဝါးခင်း၊ ထရံကာ၊ နေအိမ်တန်းလျားများ တည်ဆောက်ပြီးစီး၍ မိသားစုများ နေရာချထားပေးမှု၊ လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ပြုပြင်တည်ဆောက်နိုင်ရေးအတွက် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများ လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး ထပ်မံပြုပြင်/ အသစ်တည်ဆောက်ရမည့်ကိစ္စရပ်များ၊ ကလေးများ ကျောင်းအပ်နှံနိုင်ရေး၊ ကျန်းမာ‌ရေးစောင့် ရှောက်မှု စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ရေးနှင့် အမိုး/ အကာဖြင့် လုံခြုံစွာနေထိုင်နိုင်ပါက မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးကို တာဝန်ရှိသူများနှင့် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။


ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မေ ၁၄ ရက် နံနက် ၁၀ နာရီကလည်း ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ မလိခခန်းမ၌ ယာယီနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးနှင့် လတ်လလောနယ်မြေအခြေအနေအရ တိမ်းရှောင်လာသည့် ပြည်သူများအရေးနှင့် စပ်လျဉ်း၍ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ပြည်နယ်အတွင်း ယာယီခိုလှုံရာစခန်းနေပြည်သူများ ပြန်လည်နေရာချထားရေးနှင့် စခန်းများပိတ်သိမ်းနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် လတ်တလောနယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်လာသော ပြည်သူများအတွက်ကိုလည်း မိုးမကျမီ အမိုး/အကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး၊ စားသောက်မှုအဆင်ပြေစေရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များကို ဖြည့်ဆည်းပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၊ ဘာသာရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ကြက်ခြေနီကြီးကြပ်ကော်မတီအဖွဲ့ ဝင်များ၊ ICRC တို့မှ တာဝန်ရှိသူများက ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် စခန်းများပိတ်သိမ်းရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ လတ်တလော ထပ်မံတိမ်းရှောင်လာသည့် အိမ်ထောင်စုများအတွက် ယာယီခိုလှုံရာစခန်းများတွင် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)