ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပျိုးပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပျိုးပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးမည်




ဘားအံ  ၊  မေ  ၂၆


ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပျိုးပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက် ၇ နာရီက ဘားအံမြို့၊ ဘားအံဂေါက်ကွင်း၌ ပြည်နယ်သစ်တောဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၄ ခုနှစ် မိုးရာသီအကြို(ပထမအကြိမ်) သစ်ပင်စိုက်ပွဲတော်အခမ်းအနားမှသိရသည်။


ဒေသနှင့်ကိုက်ညီပြီး ကြီးမြန်သစ်မျိုးများကို စိုက်ပျိုးသွားမည်ဖြစ်ပြီး သစ်ပင်စိုက်ပျိုးပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့မျက်မှောက်ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတုဖောက်ပြန်ခြင်းကို တားဆီးရင်ဆိုင်တုံ့ပြန်ရာတွင် အထိရောက်ဆုံးနှင့် ကုန်ကျစရိတ်အသက်သာဆုံးသော အကောင်းဆုံးနည်းလမ်းဖြစ်သည့် သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းလုပ်ငန်းကို အလေးထားပူးပေါင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။


ယနေ့မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲတွင် ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသည့် ၂ ပေနှင့်အထက် ခရ၊ မဟော်ဂနီ၊ ပုန်းညက်၊ ကံကော်၊ ပျဉ်းကတိုး၊ စိန်ပန်း၊ ပိတောက်၊ သင်္ကန်းနှင့် ကြီးမြန်သစ်မျိုးဖြစ်သော မန်ဂျန်ရှား ပျိုးပင်များ စုစုပေါင်း (၄၃၈) ပင်ကို  တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ တပျော်တပါး စိုက်ပျိုးခဲ့ကြသည်။


ပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသည့် အမြင့် (၂) ပေနှင့်အထက်ရှိသော သစ်မာမျိုးစုံပျိုးပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော်ကို ပျိုးထောင်ထားရှိပြီး မြို့နယ်များအလိုက် သစ်ပင်စိုက်ပွဲတော်အသွင်ဖြင့်စိုက်ပျိုးခြင်း၊ တစ်ရွာ (၂) ဧကစိုက်ပျိုးခြင်း၊ လမ်းဘေးဝဲ/ယာစိုက်ပျိုးခြင်း၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျေးလက်/ရပ်ကွက် ပြည်သူများသို့ ဖြန့်ဝေစိုက်ပျိုးခြင်းနည်းလမ်းများဖြင့် အခမဲ့ ဖြန့်ဝေစိုက်ပျိုး သွားမည်ပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်၊ ရာသီဥတုမျှတကောင်းမွန်လာစေရန်၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ လေထုညစ်ညမ်းခြင်း၊ အပူဒဏ်လွန်ကဲခြင်း စသည့်ဘေးအန္တရာယ်များကို ကာကွယ်နိုင်စေရန်နှင့် သစ်တောသစ်ပင်များကို ပိုမိုတန်ဖိုးထားချစ်ခင်မြတ်နိုးလားပြီး စိတ်ပါဝင်စားစွာဖြင့် ကိုယ်တိုင်ကိုယ်ကျစိုက်ပျိုးပြုစုထိန်းသိမ်းလို သည့်အသိစိတ်များ ရှင်သန်လာစေရန်အတွက် ယခုကဲ့သို့ လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ မြို့ကျက်သရေဆောင် ကြာအင်းတောင်ခြေ၌ တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။


သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးကို ၂၀၂၁ ခုနှစ် မေလ ၂ ရက်နေ့က စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့ပြီး မော်တော်ယာဉ်ရပ်နားရာ (၂) ထပ်ကားပါကင်၊  သာသနာ့ဗိမာန်တော်ကြီး (၄) ထပ် ပင်မအဆောက်အဦနှင့် အခြား ဆက်စပ်လုပ်ငန်းများပါဝင်ကြောင်း သိရသည်။


ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ကျက်သရေဆောင် ကြာအင်းတောင်တက်လမ်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက ကြာအင်းတောင်တက်လမ်း တုတ်ရိုက်မြေကာမြေဖို့ခြင်း၊ မြေဖို့ပြီးစက်ကြိတ်ခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ ကျောက်စီမြေထိန်း နံရံပြုလုပ်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများပြန်လည် ပြုပြင်တူးဖော်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပြီး လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာအင်းတောင်ခြေ၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေးရာ  မိုးများပြီးတောင်ခြေတွင် တည်ရှိသည့်ရပ်ကွက်ဖြစ်သည့်အတွက် မိုးရာသီရေလျှံမှုများ မဖြစ်ပေါ်စေရေး  တောင်ကျရေများကို ရပ်ကွက်အတွင်းရှိ ရေမြောင်းများမှတစ်ဆင့် စနစ်တကျ စွန့်ထုတ်နိုင်ရေး စီမံဆောင်ရွက်ကြရန် မှာကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄၊ ၆၊ ၇)ရပ်ကွက် မြို့ပတ်လမ်းသစ် ဖောက်လုပ်ခြင်းလုပ်ငန်းတွင် ပါဝင်သည့် မူလကတ္တရာလမ်းအား  အကျယ် ၃၀ ပေ၊ အလျား ၈၀၀ ပေ၊ အမြင့် ၆ လက်မရှိ  ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မည့် လုပ်ငန်းခွင်ကိုသွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အဆင့်မြှင့်တင်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)