နျူကလီးယားလုံခြုံရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် မိန့်ခွန်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နျူကလီးယားလုံခြုံရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် မိန့်ခွန်းပြောကြား




ဗီယင်နာ၊ မေ ၂၂

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ကြီးမှူး၍ နျူကလီးယား လုံခြုံရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာတွင် ၂၀-၅-၂၀၂၄ ရက်မှ ၂၄-၅-၂၀၂၄ ရက်အထိ ကျင်းပလျက်ရှိပြီး၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ညီလာခံ၏ ဝန်ကြီးအဆင့်အစည်းအဝေးကာလအတွင်း ၂၁-၅-၂၀၂၄ ရက်တွင် မိန့်ခွန်းပြောကြားခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က မိန့်ခွန်းပြောကြားရာ၌ ကမ္ဘာတစ်ဝှမ်းတွင် နျူကလီးယားဘေးကင်းရေး၊ လုံခြုံရေးနှင့် မပြန့်ပွားရေးခိုင်မာစေရန် IAEA ၏ ကြိုးပမ်းမှုများကို မြန်မာနိုင်ငံက အသိအမှတ်ပြုကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်၊ ၁၅၄၀ ကို အခြေခံထားသည့် နျူကလီးယား လုံခြုံရေးဆိုင်ရာဆောင်ရွက်ရမည့်အချက်များကို ထည့်သွင်းဖေါ်ပြထားကြောင်း၊ မြန်မာနိုင်ငံသည် နျူကလီးယားဒြပ်ပစ္စည်းများအား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးမှု ပဋိညာဉ်စာချုပ် (CPPNM) နှင့် ယင်းစာချုပ်၏ပြင်ဆင်ချက်တို့ကို ၂၀၁၇ ခုနှစ်တွင် အတည်ပြုပါဝင်ခဲ့ပြီး၊ ရေဒီယိုသတ္တိကြွအရင်းအမြစ် များ ဘေးကင်းရေးနှင့်လုံခြုံရေးဆိုင်ရာ ကျင့်ထုံးဥပဒေ ကိုလည်း နိုင်ငံရေးကတိကဝတ်ပြုထားကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၂ ခုနှစ်တွင် IAEA Incident and Trafficking Database (ITDB) သို့ ပါဝင်ခဲ့ပြီး၊ IAEA ၏ နျူကလီးယားပစ္စည်းများအား ထောက်လှမ်းရှာဖွေမှုနည်းပညာများနှင့် စက်ကိရိယာများ အသုံးချခြင်း ဆိုင်ရာ သုတေသနစီမံကိန်းတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားနှင့် အခြားရေဒီယိုသတ္တိကြွပစ္စည်းများနှင့် အသုံးပြုသည့်နေရာများအားလုံး ထိရောက်စွာ ဖြင့် အလုံးစုံလုံခြုံမှုရှိရေးအတွက် ရေရှည်မြှင့်တင်ဆောင်ရွက်သွားရန် ထပ်လောင်း အတည်ပြုကြောင်း တို့ကို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

    

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)