ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကလောမြို့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့တက်ရောက်ခြင်းနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကလောမြို့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့တက်ရောက်ခြင်းနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းဆောင်ရွက်










နေပြည်တော်၊ မေ ၂၆

 ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် သည် ၂၃-၅၂၀၂၄ ရက်နေ့က ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ကလောမြို့ရှိ ခရီးသွားပြည်သူများအပန်းဖြေအနားယူရန် ဆောင်ရွက်ထားရှိသည့် မောမြေဦးပန်းခြံ၊ နှစ်ပေါင်း တစ်ရာကျော်သက်တမ်းရှိ အဆောက်အအုံတစ်ခုဖြစ်ပြီး သမိုင်းအမွေအနှစ်တစ်ခုလည်းဖြစ်သည့် ကလောဘူတာ သို့သွားရောက်ပြီး ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာ လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် Heritage Tourism ဖော်ဆောင်သွားနိုင်မည့်အခြေအနေများ၊ Maluca Villa သို့သွားရောက်ပြီး ခရီးသွား ဧည့်သည်များအတွက် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများ၊ Maluca နာမည်ဖြင့် အဆင့်အတန်းမီ သဘာဝလူသုံးကုန်ပစ္စည်း ထုတ်လုပ်နေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့၊ ကလောဂါးဒင်းဟိုတယ်၌ ကျင်းပပြုလုပ်သည့် ကလောမြို့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် အခမ်းအနားသို့ တက်ရောက်ပါသည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးအောင်အောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများပါဝင် တက်ရောက်ကြသည်။

 အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ ကလောခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဖိုရမ်အား ကျင်းပပြုလုပ် ပေးခြင်းဖြစ်ပါကြောင်း။ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်ဆောင်ရွက်ရာတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)များ၏ အခန်းကဏ္ဍမှာ အရေးကြီးပါ ကြောင်း။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) ၏ အစီရင်ခံစာအရ ကမ္ဘာနှင့်အဝှမ်း ခရီးစဉ်ဒေသ များသို့ နိုင်ငံတကာခရီးသည် ရောက်ရှိမှုမှာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့ နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်မှုမှာလည်း တိုးတက်ခဲ့ပါ ကြောင်း။ ကလောမြို့သို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာလည်း တိုးတက်လာခဲ့သည်ကို တွေ့ရှိ ရပါကြောင်း။

 ရှမ်းပြည်နယ်၌ ခရီးသွားဧည့်သည်များကြိုက်နှစ်သက်သော ခရီးစဉ်ဒေသများစွာရှိပြီး ကလောမြို့အနေနှင့် ခရီးသွားအရင်းအမြစ်များပြည့်စုံ၍ ထင်ရှားကျော်ကြားသည့် ခရီးစဉ်ဒေသ တစ်ခုပင်ဖြစ်ပါကြောင်း။ ကလောမြို့သို့ လာရောက်သော ခရီးသွားဧည့်သည်များ မကြာခဏ ပြန်လည်လာရောက်လည်ပတ်ကြရေးအတွက် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး ကြိုးစား ကြရမည်ဖြစ်ပါကြောင်း။ ကလောမြို့၏ ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ တွင် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။ ကလောမြို့ ခရီးသွားလုပ်ငန်းပင်မ စီမံကိန်း(၂၀၂၂-၂၀၂၅)ပါ မဟာဗျူဟာအစီအစဉ်များအား အထူးဂရုစိုက် အကောင်အထည်ဖော် ကြရန်လိုအပ်ပါကြောင်း။ စီမံကိန်းမှာ ဒေသခံတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သဖြင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့(DMO)များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။ ယနေ့ ကျင်းပပြုလုပ်သော ဖိုရမ်မှ တစ်ဆင့် ကလောမြို့ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးဖော်ထုတ် သွားကြရန် တိုက်တွန်းပြောကြားသည်။

 ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း ခရီးစဉ် ဒေသများ နှင့် ခရီးသွားလုပ်ငန်းအမျိုးအစားများ ဖော်ထုတ်ထားရှိမှုအခြေအနေများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဆောင် ရွက်ထားရှိမှုအခြေအနေများ၊ ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား သို့သွားရောက်၍ ဘုရားဖူးခရီးသွားလုပ်ငန်း  ဆောင်ရွက်နိုင်မှု အခြေအနေများ၊ မြင်းကကျေးရွာရှိ အပန်းဖြေ ခရီးသွားလုပ်ငန်း  ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ ဗျိုက်တောင် View Point နေရာများသို့သွားရောက်ပြီး အပန်းဖြေခရီးသွားလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နန်းသဲကျေးရွာရှိ Kalawe Glamping Adventure Tourism Site သို့သွားရောက်ကာ ခရီးသွားဧည့်သည်များအတွက် ဘေးအန္တရာယ်ကင်းစွာ စွန့်စားခရီးသွား လုပ်ငန်း အကောင်အထည်ဖော်ထားရှိမှုနှင့် အပန်းဖြေခရီးသွားလုပ်ငန်း ဖော်ဆောင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Kalaw Hill Lodge Hotel သို့သွားရောက်ပြီး ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ၎င်းနောက်  ဝက်ဖြူရေ ကျေးရွာအုပ်စု ရေယောင်းမကျေးရွာအား ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်ထား ရှိသောအခြေအနေများ၊ ခရီးသွားဧည့်သည်များ ကျေးရွာအတွင်း လာရောက်လည်ပတ်နိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ခရီးသွားဧည့်သည်များ တောတောင်ရေမြေသဘာဝအလှ အပများ ကြည့်ရှုခံစားနိုင်စေရန် view point များ၊ အပန်းဖြေစခန်းများ စီစဉ်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ကြောင်း  သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)