၁၃၈၆ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ မြိတ်မြို့တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၁၃၈၆ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ မြိတ်မြို့တွင် ကျင်းပ







မြိတ်၊ မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၁၃၈၆ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ဘုရားငါးဆူစာသင်တိုက်နှင့် ဘုရားငါးဆူ ဝတ္တကမြေတွင် စိုက်ပျိုးပူဇော်ထားသည့် ဗောဓိညောင်ပင်တွင် ကျင်းပခဲ့ကြသည်။


ကဆုန်လပြည့် (ဗုဒ္ဓနေ့)ပူဇော်ပွဲကို ဘုရားငါးဆူစာသင်တိုက်ဓမ္မာရုံတွင် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဉာဏ်ဇော်၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။


ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြ၍ တိုင်းမှူးနှင့်တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နိုင်ငံ‌တော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိမလ ကန်သာပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ဗုဒ္ဓနေ့ဒေသနာတော်များကို နာယူမှတ်သားကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ပူဇော်ပွဲကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြသည်။


ယင်းနောက် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပွဲ ဆက်လက်ကျင်းပရာ အယူတော်မင်္ဂလာဆရာမှ နတ်ပင့်ဂါထာဖြင့် နတ်ဒေဝါများကို ပင့်ဆောင်ခြင်း၊ မဟာဗောဓိ ဒုမေနာထောဂါထာကိုရွတ်ဆိုခြင်း၊ ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်းကိုဖတ်ကြားခြင်း၊ မဟာဗောဓိ ပရိဘောဂစေတီတော်မြတ်အား ညောင်ရေသွန်းလောင်းပူဇော်ရန် ဂါထာတော်ဖြင့်ဖတ်ကြားပူဇော်သည်။


ဆက်လက်၍ ဗောဓိညောင်ပင်အား တိုင်းမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်များက ညောင်ရေသွန်းလောင်းပူဇော်ကြရာ ဝတ်အသင်းအဖွဲ့များက “သွန်းကြ သွန်းကြ ရွှန်းပ ညောင်ရေ ” သုံးပိုဒ်ကို သုံးကြိမ်ရွတ်ဆို၍ ဆုတောင်းပတ္တနာပြုပူဇော်ခဲ့ကြပြီး ဝတ်အသင်းအဖွဲ့များနှင့် ဧည့်ပရိသတ်အားလုံးတို့က “ ဇယန္တော ဗောဓိယာမူလေ” စသော ဇယမင်္ဂလာငါးဂါထာကို ရွတ်ဆိုဆုတောင်း ပတ္ထနာပြုပူဇော်ခဲ့ကြခြင်းဖြင့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။


ထို့အတူ မြိတ်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများ၊ ဗုဒ္ဓရုပ်ပွားတော်များအား အမွှေးနံ့သာဖြင့်ပူဇော်ခြင်း၊ ရေသွန်းလောင်း၍ပူဇော်ခြင်း၊စေတီများ၊ ဘုန်းတော်ကြီးကျောင်းများတွင် စိုက်ပျိုးပူဇော်ထားသော ဗောဓိပင်များတွင်လည်း ပြည်သူများက ညောင်ရေသွန်းလောင်း ကုသိုလ်ပြုပူဇော်ကြကြောင်း သိရသည်။


ခိုင်ထူး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)