ရန်ကုန်၊ မေ ၄
ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများ သွားလာရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေပြီး သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရေးနှင့်ခေတ်မီအခြေခံ အဆောက်အဦတစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင် ပန်းခြံကြား မြေအောက်လမ်း ကူးလူသွားဥမင် (Underpass ) အဆောက်အဦတစ်ခု တည်ဆောက်လျက်ရှိရာ ၆၀ ဒဿမ ၇၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ တည်ဆောက်လျှက်ရှိသည့် လုပ်ငန်းခွင်သို့ မေလ (၁) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရူ စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းအား အပိုင်း(၃)ပိုင်းခွဲ၍ ဆောင်ရွက်လျှက်ရှိရာ ယခုအခါအပိုင်း(၁) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် အပိုင်း(၂)နှင့်(၃)တို့အား ဆက်လက်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူသွားလမ်းကူး ဥမင်လုပ်ပေးထားသော်လည်း အလွယ်တကူ လမ်းဖြတ်ကူးခြင်းမျိုး မရှိအောင်သံပန်းကာရန်ထားရှိရန်၊ ပတ်ဝန်းကျင် စိမ်းလန်းသာယာ သန့်ရှင်းသပ်ရပ်ရေးဆောင်ရွက်၊ သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီစွာဖြင့် ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်နေစဉ် ယာဉ်ကြောကြပ်တည်းမှု မရှိစေရန်၊ ပူပြင်းသော ရာသီဥတုကြောင့် ဝန်ထမ်းများ၏ ကျန်းမာရေးကို အလေးထားရန်နှင့် လိုအပ်သည်များ မှာကြားပြီးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရူ စစ်ဆေးသည်။
အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်သည် ၂၃ ပေ အကျယ်ရှိ မြေအောက်လမ်းကူး လူသွားဥမင်ဖြစ်ပြီး တစ်နာရီလျှင် လူဦးရေ (၁၄၀၀၀) ဦး ဖြတ်သန်းသွားလာနိုင်ပြီး ရွေ့လျားစက်လှေကား (၄) စင်း၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ အသုံးပြုရန်ဓါတ်လှေကား (၁၀) ယောက်စီး (၂) စင်းပါရှိပြီး စီမံကိန်းခန့်မှန်းလျာထားကာလမှ (၁၄) လ ခန့်ကြာမြှင့်မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများအားလုံး အနေဖြင့် ၆၀ ဒဿမ ၇၁ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment