မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ လူထုအသိပညာပေး Billboard စိုက်ထူပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ လူထုအသိပညာပေး Billboard စိုက်ထူပွဲအခမ်းအနားတက်ရောက်




မကွေး၊ ဇွန် ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ လူထု အသိပညာပေး လှုံဆော်ရေးပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကန်သာယာရပ်ကွက်ရှိ ကန်သာမင်္ဂလာကန်တော်တွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှု ဌာနချုပ် မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းကို မြန်မာနိုင်ငံတွင် သာလွန်မင်းလက်ထက်နှင့် ဘိုးတော်ဘုရား လက်ထက် တို့တွင် ကောက်ယူခဲ့သည့်သမိုင်း အထောက်အထားများတွေ့ရှိရသကဲ့သို့ လွတ်လပ်ရေးမရမီ ကိုလိုနီခေတ်ကလည်း ပုံမှန်သန်းခေါင်စာရင်းကောက်ယူခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်တို့တွင်လည်း ကောက်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အဆင့်မီ ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကို ကောက်ယူနိုင်ခဲ့ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းကြောင့် နိုင်ငံနှင့် ပြည်သူလူထုအတွက် လိုအပ်သော လူဦးရေ မူဝါဒများ ရေးစွဲရာတွင် အထောက်အကူပြုသကဲ့သို့ သက်ဆိုင်ရာဒေသ တစ်ခုချင်းစီအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး၊ လူသားအရင်းအမြစ် စီမံခန့်ခွဲပြုစုပျိုးထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်သော ကိန်းဂဏာန်း အချက်အလက်များကိုလည်း ရရှိလာ မှာဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံ အများစုမှာလည်း လူဦးရေသန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်းကို ကုလသမဂ္ဂ အပါအဝင် လူဦးရေပညာရှင်များ ပါဝင်ပြီး ပုံမှန်အားဖြင့် (၅)နှစ် သို့မဟုတ် (၁၀)နှစ်လျှင်တစ်ကြိမ် ကောက်ယူလာကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအဆင့် ကောက်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကြားဖြတ် သန်းခေါင်စာရင်းကိုလည်းကောင်း ယခု ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်လူဦးရေနှင့် သန်းခေါင် စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ  (၁၅)ရက်ကြာ ကောက်ယူသွားမှာဖြစ်ပြီး လုပ်ငန်းများတောင်မြင်စွာ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ တိုင်းရင်းသားရေးဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ တိုင်းဒေသကြီးလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းရဲထွန်းတို့က လူထုအသိပညာပေးလှုံဆော်ရေးပိုစတာ (Billboard) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူထုအသိပညာ ပေး လှုံဆော်ရေးပိုစတာ (Billboard) အား အမွေးနံသာရည်များဖြင့် ပတ်ဖျန်းပေးခဲ့ပြီး အခမ်း အနားတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ ကာ ခင်းကျင်းပြသထားသည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်းစာရင်း အချက် အလက်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


မောင်ညီညာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)