အလုပ်သမားများအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများကို လေးစားလိုက်နာပြီး အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုပ်သမားများအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများကို လေးစားလိုက်နာပြီး အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာပြောကြား


နေပြည်တော်၊ ဇွန် ၁

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဝါးတစ်ရာစက်မှုဇုန်ရှိ Very Impressive Prospect Co., Ltd. အားကစားပစ္စည်းထုတ်လုပ်သည့်စက်ရုံနှင့် သာဓုကန်စက်မှုဇုန်ရှိ Myanmar Pou Chen Co., Ltd. ဖိနပ်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် အလုပ်သမားရေးရာညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှုနှင့် အလုပ်သမားများ၏ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့် MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်း၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမားများကို သက်ဆိုင်ရာအာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်စွမ်းအားတိုးတက်စေရန် အလုပ်ရှင်နှင့်အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများကို လေးစားလိုက်နာရန်နှင့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာပြောကြားရန်နှင့် အေးချမ်းသာယာသော လုပ်ငန်းခွင်များဖြစ်အောင် ဖန်တီးဆောင်ရွက်ကြရန် မှာကြားပြီး ပြည်ထောင်စုဝန်ကြီးသည် Myanmar Pou Chen Co., Ltd. ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။ 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးသို့သွားရောက်၍ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့်ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက်ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ လှိုင်သာယာစက်မှုဇုန်ရှိ Sioen Myanmar Co., Ltd. အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ထိခိုက်မှု များဖြစ်ပွားမှုမရှိစေရေး၊ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ စက်ရုံများတွင်ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အလေးထားလိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)