တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်


ထားဝယ်  ၊  ဇွန် ၂၇


အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့ကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာရခြင်းတွင် ၁၉၈၇ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်၂၆ ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပလျက်ရှိရာ (၃၇) ကြိမ်ရှိပြီးဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် ဘိန်းစိုက်ပျိုးမှု မရှိသော်လည်း နယ်စပ်ဒေသဖြစ်ပြီး ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုရှိသည့်အတွက် တိုင်းဒေသကြီးအဆင့် ထိန်းချုပ်ဓာတုပစ္စည်းစစ်ဆေးရေးအဖွဲ့အနေဖြင့် လမ်းလွှဲမရောက်စေရန် ကြပ်မတ်ကွပ်ကဲ လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းစေရန် ကြိုတင်အသိပညာပေးခြင်းသည် ထိရောက်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်နှင့်အညီ ကျောင်းသားလူငယ်များနှင့် ပြည်သူများကို အသိပညာပေးရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ပြည်သူလူထုနှင့် ကျောင်းသားလူငယ်ထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာနှင့် ဗဟုသုတများ ပိုမိုရရှိစေရန် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ ကျန်းမာရေးနှင့် တရားရေးအပိုင်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါး ပြဿနာသည် လူသား မျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်ဖြစ်သည်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇွန်လ၂၆ ရက်နေ့ (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌထံမှပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်က ဖတ်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့်ဆုရရှိသူများနှင့် တိုင်းဒေသကြီးအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုအားလည်းကောင်း၊ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြခန်းအား လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။


ကျော်ကျော်လတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)