စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ



ပုသိမ်  ၊ ဇွန်  ၂၄


ကျောင်းသားလူငယ်များ စာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။


ဒေါ်ယဉ်ဆွေဝင်း ညွှန်ကြားရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန


စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၂ ရက်နေ့နှင့် ၂၃ ရက် နှစ်ရက်ကြာ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပခဲ့ပြီး အခုလိုကျင်းပပေးခြင်းဖြင့် ကျောင်းသားလူငယ်များအနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ စာအုပ်စာပေတွေကို လေ့လာဖတ်ရှုရမယ်။ အဲ့ဒီကမှ စာဖတ်တဲ့အလေ့အကျင့်တွေရရှိလာပြီး ပညာဗဟုသုတတွေကြွယ်ဝ၍ အနာဂတ်မှာ တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူတွေဖြစ်လာဖို့ ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ပါတယ်။ ပွဲတော်မှာ လူငယ်တွေလေ့လာနိုင်ဖို့အတွက် စာအုပ်ပြခန်း၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်းတွေအပြင် အပျော်တမ်းဂိမ်းကစားနည်းများဖြစ်တဲ့ အရုပ်ဆက်၊ ခါးကွင်းလှည့်၊ မြှားပစ်ကစားနည်းတွေကိုလည်း ထည့်သွင်းပေးထားပါသည်။ ကျောင်းသားလူငယ်တွေအနေနဲ့ မိမိတို့လေ့လာလိုတဲ့ စာအုပ်တွေကို ဝယ်ယူဖတ်ရှုနိုင်ဖို့အတွက်လည်း စာအုပ်အရောင်းဆိုင်များက လာရောက်ရောင်းချပေးပါတယ်။ ဒီပွဲက ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမဆုံးပြုလုပ်ခဲ့တဲ့ ပွဲတော်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ (၂၆)မြို့နယ်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

မချစ်စနိုးထွေး အတန်း-Grade11 အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ပုသိမ်မြို့

   သမီးကတော့ကျပန်းစကားပြောပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမဆုရရှိခဲ့ပါတယ်။ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ပြုလုပ်ပေးတဲ့အတွက် သမီးအနေနဲ့ အရမ်းပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ ယခုလိုပွဲမျိုးပြုလုပ်ပေးခြင်းဟာ သမီးတို့ ကျောင်းသား ကျောင်းသူလူငယ်တွေအတွက် အထူးသင့်လျော်တဲ့ပွဲလို့ ထင်မြင်ယူဆမိပါတယ်။ ဒီလိုပွဲတွေများများလုပ်ပေးမှလဲ သမီးတို့ကျောင်းသား၊ ကျောင်းသူတွေဟာ စာပေတွေကိုများများဖတ်ရှုဖြစ်မှာဖြစ်ပါတယ်။ ယခုခေတ်က နည်းပညာခေတ်ဆိုတော့ mobile game တွေနဲ့ဘဲ အချိန်ကုန်တာများတော့ စာဖတ်ရှုတဲ့အပိုင်းမှာ တော်တော်လေးကိုမှ အားနည်းနေတာကိုတွေ့ရပါတယ်။ ယခုလိုပွဲတော်လုပ်ပေးခြင်းအားဖြင့်လဲ စာပေတွေကိုဖတ်ရှုဖို့ အခွင့်အလမ်းတွေအများကြီးပေးစွမ်းတယ်လို့ ထင်ပါတယ်။ ဒီလိုမျိုးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အတွက်ကြောင့်လည်း သမီးအနေနဲ့ မသိသေးတဲ့ဗဟုသုတတွေ တခြားအကြောင်းအရာတွေကိုလည်း သိရှိရသလို လူငယ်နဲ့စာပေဟာ ဘယ်လောက်အထိ ဆက်နွယ်နေလဲဆိုတာကိုလည်း သိရှိရပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပွဲတွေပြုလုပ်ပေးတဲ့အတွက် အထူးဘဲကျေးဇူးတင်ပါတယ်ရှင်။ ကျောင်းသား၊ ကျောင်းသူလူငယ်တွေကိုလည်း ယခုလိုပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြဖို့ဖိတ်ခေါ်ပါတယ်။ ဒါမှသာ လူငယ်တွေအနေနဲ့ စာပေအကြောင်းကို အများကြီးနားလည်ပြီး ဘဝအတွက်တိုးတက်အောင်မြင်နိုင်တဲ့အရာတွေကို စာဖတ်ခြင်းစာပေဗဟုသုတတွေကနေ ရရှိလာမယ်ဆိုတာကိုလည်း သိမြင်နိုင်မှာဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပွဲတွေပြုလုပ်တဲ့အခါမှာ ဆုရသည်ဖြစ်စေ၊မရသည်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ဟောပြောပွဲတွေမှာလဲ ဝင်ရောက်နားထောင်ကြဖို့ တိုက်တွန်းအကြံပြုအပ်ပါတယ်ရှင်။


မောင်စွမ်းစစစ်နိုင် အတန်း-Grade 10 အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပုသိမ်မြို့


ကျွန်တော့်အနေနဲ့ အဓိကတိုက်တွန်းလိုတာကတော့ သူငယ်ချင်းကျောင်းသား၊ ကျောင်းသူတွေကို ဒီလိုမျိုးစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ပါဝင်ဆင်နွဲဖို့ ပါဝင်ယှဉ်ပြိုင်ဖို့ ပြောကြားလိုပါတယ်။ ကျောင်းသား ကျောင်းသူတွေကိုလည်း အားလပ်ချိန်တွေမှာ စာအုပ်စာပေတွေကို ဖတ်ရှုလေ့လာသင့်တယ်လို့လဲ အကြံပြုလိုပါတယ်၊ ဒီလိုမျိုးပွဲတော်တွေကိုလည်း မြို့နယ်တွေတိုင်းမှာ ကျင်းပပေးဖို့နဲ့ ဒီလိုမျိုးကျင်းပပေးခြင်းဖြင့်လည်း လူငယ်တွေရဲ့ အနာဂတ်နေ့ရက်တွေမှာ ပိုမိုတောက်ပလာမှာဖြစ်တယ်လို့လည်း ပြောကြားလိုပါတယ်ခင်မျာ။


ဒေါ်တင်တင်ကျော် ကျောင်းသားမိဘ၊ ပုသိမ်မြို့


ဒီပွဲတော်မှာ ကျွန်မနဲ့အတူကျွန်မရဲ့သားသမီးတွေ၊ သားသမီးတွေရဲ့သူငယ်ချင်းတွေ လာရောက်လေ့လာကြတာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ များသောအားဖြင့် လူငယ်တွေဟာ မိုဘိုင်းဖုန်းသုံးခြင်းဖြင့် အချိန်ကုန်လာကြတာများပါတယ်။ ယခုလို  စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်လုပ်တဲ့အခါကျတော့ ကျောင်းသားလူငယ်လူရွယ်တွေဟာ ပျော်ရွှင်စွာ လေ့လာခွင့်ရတယ်၊ စာအုပ်စာပေတွေကို လေ့လာခြင်းဖြင့် စာပေဖတ်ရှုချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ပြိုင်ပွဲတွေမှာလည်း ဥပမာ စာစီစာကုံးတို့ ကျပန်းစကားပြောပြိုင်ပွဲတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့်လည်း ပုံအသိဉာဏ်ထက် ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေကနေ ထပ်တိုးအသိဉာဏ်တွေလည်းရလာကြတယ်။ ဒီပွဲတော်မှာလည်း ပြိုင်ပွဲတွေဟောပြောပွဲတွေ စုံလင်အောင်ထည့်သွင်းဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူလူကြီးတွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ကျောင်းသားလူငယ်လူရွယ်တွေကိုလည်း ဒီလိုပွဲမျိုးတွေမှာလဲ သွားရောက်လေ့လာကြဖို့ ပါဝင်ယှဉ်ပြိုင်ကြဖို့ကို မိဘတွေအနေနဲ့လည်း တိုက်တွန်းပြောကြားပေးဖို့ အကြံပြုအပ်ပါတယ်ရှင်။


ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အသိပညာဗဟုသုတတွေတိုးပွားပြီး စာအုပ်စာပေတွေကို လေ့လာဖတ်ရှုစေဖို့ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ဆက်လက်ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)