၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာရေးကိရိယာများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာရေးကိရိယာများပေးအပ်


နေပြည်တော်၊ ဇွန် ၁၅

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာရေးကိရိယာ များပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အခြေခံပညာကျောင်းသား ကျောင်းသူများအား ထောက်ပံ့ချီးမြှင့်ခြင်းသည် အနာဂတ်နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်များ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာစေရန် ခွန်အားတစ်ခုအနေဖြင့် တိုက်တွန်းနှိုးဆော်ခြင်းဖြစ်ကြောင်း၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏အနာဂတ်သည်လည်း ထွန်းလင်းတောက်ပလာမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအနေဖြင့် တိုးတက်ပြောင်းလဲနေသည့် အတတ်ပညာ၊ နည်းပညာသစ်များနှင့် ရင်ပေါင်တန်းနိုင်ရန် အစဉ်ကြိုးစားအားထုတ်ကြရန်နှင့် အသိပညာ၊ အတတ်ပညာကြွယ်ဝပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်သော၊ နိုင်ငံတော်ကိုအကျိုးပြုသည့် လူချွန်လူကောင်းများဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြစ်သော စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူနိုင်သည့် သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ထူးချွန်ထက်မြက်ပြီး ဘက်စုံတော်သော ကျောင်းသား ကျောင်းသူများ ဖြစ်လာစေရေးအတွက် မိဘ၊ ဆရာ သမားနှင့် ကျောင်းသား ကျောင်းသူများ ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောင်းသူများအား ဂုဏ်ပြု ဆုများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ဝန်ထမ်း များ၏ သားသမီး အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် စာရေးကိရိယာများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝန်ထမ်းများ၏သားသမီး အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် စာရေးကိရိယာများကိုလည်းကောင်း ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)