တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား တက်ရောက်




ပုသိမ်၊ ဇွန် ၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်၍ ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများအား  ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့သည်။

ဦးစွာ အခမ်းအနားကို ပုသိမ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၃) ရက်နေ့မှ ဇွန်လ (၂) ရက်နေ့အထိ သတ်မှတ်ကျောင်းအပ်နှံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ ပညာသင်ယူရာတွင် အခက်အခဲမရှိစေရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် မူလတန်းကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးထားပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဌာနဆိုင်ရာဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံ ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ် ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ပညာတတ်လူ့စွမ်းအားအရင်း အမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ အခြေခံပညာအလယ်တန်းအဆင့် Grade-6၊ Grade-7၊ Grade-8၊ Grade-9 တို့တွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအားလုံး စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်း ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်က အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာ ဝန်ကြီးနှင့်ဇနီးတို့က အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီးတို့က မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ များအားလည်းကောင်း ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ပြီးနောက် ပုသိမ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်သီချင်း” ဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ အခြေခံပညာမူလတန်းအဆင့် (၁၂၂၉)ဦး၊ အလယ်တန်းအဆင့် (၆၇၉)ဦး၊ အထက်တန်းအဆင့်(၅၈၄)ဦး၊ တက္ကသိုလ်အဆင့်(၄၀၃)ဦး၊ စုစုပေါင်း (၂၈၉၅)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား ရှေးဦးပြုစုခြင်း (အခြေခံ)အဆင့် သင်တန်းအား သင်တန်းနည်းပြဆရာမှ သင်ကြားပေးနေမှုကို  ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းလာရောက်အပ်နှံမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပုသိမ်မြို့၊ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ အတန်းအလိုက် ကျောင်းအပ်နှံမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအဆောက်အဦ အတွင်းအပြင် သန့်ရှင်းရေး၊ ကျောင်းသုံးပရိဘောဂများ သန့်ရှင်းရေး၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ကျောင်းစာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်စာစောင်များ ပြည့်စုံစေရေးနှင့် ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေးအတွက် နေ့စဉ်၊ အပတ်စဉ် သန့်ရှင်းရေး ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆောင်ရွက်ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ ဂုန်မင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် မာလာကွင်းကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ လာရောက် ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍  ကျောင်းအပ်နှံမှုအခြေအနေများနှင့် ကျောင်းစာကြည့်တိုက်အား ကြည့်ရှုစစ်ဆေးပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းစာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်စာစောင်များ ပြည့်စုံစွာ ထားရှိရေးမှာကြားပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာ စာအုပ်များ၊ စာရေးကိရိယာများနှင့် မူလတန်းကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း (၇၁၁၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၄၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃၀)ကျောင်း၊ စုစုပေါင်း (၇၂၉၀)ကျောင်းတွင် ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၀)သိန်း(၆)သောင်းကျော် အပ်နှံပြီးဖြစ်ကြောင်း သိရသည်။


လှမင်းထွဋ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)