ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားခဲ့ရသော မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူနေမိသားစုများ စစ်တွေမြို့သို့ ယာယီလာရောက် တိမ်းရှောင်ခိုလှုံလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားခဲ့ရသော မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူနေမိသားစုများ စစ်တွေမြို့သို့ ယာယီလာရောက် တိမ်းရှောင်ခိုလှုံလျက်ရှိ


စစ်တွေ၊ ဇွန် ၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄) ကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တို့တွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ တည်ငြိမ် အေးချမ်းမှုပျက်ပြားခဲ့ရသော မြို့နယ်နှင့် မြို့များမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူနေမိသားစုများသည် စစ်တွေမြို့သို့ ယာယီလာရောက် တိမ်းရှောင်ခိုလှုံလျက်ရှိကြောင်း၊ စစ်တွေမြို့တွင် ရောက်ရှိနေသော ဝန်ထမ်း များသည် မိမိတို့ခရိုင်၊ ပြည်နယ်ရုံးများတွင် ဆက်သွယ်အကြောင်းကြားပြီး ရုံးတက်ရောက်ကာ မိမိတို့လုပ်ငန်း တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများကလည်း ဝန်ထမ်းများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးကာ ဝန်ထမ်းများကို ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ကြစေလို ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့် အခြားသော စားရေရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံပြည်သူများစိုးရိမ်မှုမရှိအောင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနီးကပ်ပူးပေါင်းပြီး အကောင်းဆုံး ကြိုးစားစီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတစ်ခုတည်ငြိမ်းချမ်းမှုမရှိလျှင် ထိုဒေသသည် ဖွံ့ဖြိုးတိုးတက်မှုရှိမည်မဟုတ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှ ထို့ဒေသသည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း၊ ပညာရေးသည်အဓိကကျကြောင်း၊ နောင်မျိုးဆက်သစ် လူငယ်များသည် ထူးချွန်သည့်လူငယ်များဖြစ်ရန် ပညာရေးစနစ်ကအဓိကကျကြောင်း၊ ထို့ကြောင့် ပညာရေးနှင့် ပတ်သက်၍ အတတ်နိုင်ဆုံး အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျန်းမာရေးနှင့် ပတ်သက်၍လည်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်ရှိလျှင် ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားနှင့် ပတ်သက်၍လည်း ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်သော ဒေသများတွင် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးသွားရမည်ဖြစ် ကြောင်း၊ အလားတူ မိုးရာသီရောက်ရှိလာသည့်အတွက် သစ်ပင်စိုက်ပျိုးပွဲများကို စနစ်တကျစိုက်ပျိုးနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နောက်တစ်ခုက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုတွင် လိုအပ်သည့်အခြေခံကျသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စာကြည့်တိုက်တစ်တိုက်လျှင် ကျပ်သိန်း (၁၅၀)နှုန်းဖြင့် ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသကဲ့သို့ အခြားအလှူရှင်များကလည်း လှူဒါန်းလိုပါက ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ လူငယ်များစာပေနှင့် ကင်းကွာမှုမရှိစေရန်အတွက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ထို့ပြင် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါးများ၊ စားရေရိက္ခာများနှင့် စက်သုံးဆီများ ပြတ်လတ်မှုမရှိစေရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ရေလမ်းကြောင်းမှ သယ်ယူပို့ဆောင် ဖြည့်တင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေးနွေးတင်ပြကြမည့် ဌာနဆိုင်ရာများကလည်း မိမိတို့ဌာနအလိုက် အကြံပြုဆွေးနွေး တင်ပြကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ သစ်တောဦးစီးဌာန၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ပညာရေး၊ ပြည်နယ်ရသုံးမှန်ခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


တင်ထွန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)